Sunday, July 1, 2012
ပြေးလို့ လွတ်မှာလား
သူတို့လူသိုက် ဘုရားပေါ်က အုံလိုက်ကျင်းလိုက် ဆင်းလာပါပြီ။ ဖြေးလွန်း၊ နှေးလွန်းလိုက်တာမှ လွန်ပါလေရော။ လှေကားထစ် တထစ်ချင်းကို သတိထားရင်း ဆင်းချလာတာ။ ဟက်ဟက်ပက်ပက် ပြောဆိုရယ်မောခြင်း မရှိကြ၊ မျက်နှာအားလုံးဟာ အပြုံးရိပ်တို့ ကင်းမဲ့လို့ ….။ အတွေးကိုယ်စီပွားရင်း လာကြတယ်။
လူကြီးရဲ့ လက်မောင်းကို အရပ်သားဝတ်စုံနဲ့ လူနှစ်ယောက်က တဖက်တချက်စီ ကိုင်ဆွဲရင်း တွဲခေါ်လာတယ်။ သူတို့ရှေ့က လှေခါးထစ် နှစ်ထစ်ကျော်မှာ စစ်အရာရှိတယောက်၊ ရဲဘော်တယောက် …။
အချိန်မရွေး လဲပြိုကျလာနိုင်တဲ့ လူကြီးအတွက် သူတို့က အဆင်သင့်ပေါ့။ ရှေ့ကို တည့်တည့်ကြည့်ရင်း ဆင်းလာတာမဟုတ်။ ငုံ့ကြည့်ရင်း ဆင်းလာတာ။ လှေခါးကို ဘေးစောင်းအနေအထားနဲ့ ဆင်းလာတာ။ ခင်းထားတဲ့ ကော်ဇောနီအောက်မှာ မြေမြုပ်မိုင်းတွေ ရှိနေမလားဆိုတဲ့ အကြည့်မျိုးမဟုတ်။ သူတို့လူကြီး ခြေချော်လက်ချော် မဖြစ်ဖို့ကိုသာ မျက်ခြေပြတ် မခံတဲ့ပုံမျိုး။
ဒီလူကြီးက ရှေ့ကိုသာ ကြည့်နေတာ။ ဘာမှ အမြင်အာရုံထဲ ဝင်ဟန်မတူ။ ဘုရားပေါ်တက် ဝတ်ချခဲ့တာတောင် သိပ်ပြီး အလုပ်ဖြစ်ဟန်မပေါက်။ ဓမ္မအာရုံလည်း ရမယ့်ပုံမပေါ်။ ဘေးကလူတွေ တွဲခေါ်တာကိုပဲ အလိုက်သင့် ပါလာရတဲ့ပုံ။ ခြေထောက်တွေက မသယ်ချင့်သယ်ချင် … မခိုင်လှ။ စိတ်မှာလည်း မယ်မယ်ရရ ဝေခွဲနိုင်ဟန်မရှိ။ ဒီအတိုင်းပဲ ဖြစ်တန်ရာတယ်။ ဒီ့ထက်ပိုပြီး သူ့မှာ ပိုစွမ်းစရာမရှိ။ ခန္ဓာကိုယ်ကြီးကို မတတ်သာတဲ့အဆုံး မခေါ်ချင့်ခေါ်ချင် ခေါ်လာရခြင်းသာ။ သူ့အသွေးအသားဟာလည်း အလိုမတူဘဲ သူနဲ့ ပေါင်းဖက်နေရခြင်းသာ။ အဲဒီအသွေးအသားထဲမှာ အစိမ်းသေဝိညာဉ်တွေ အပြည့်အနှက် ရှိနေတယ်။
အသေအချာ ကြည့်လိုက်စမ်းပါ။ သွေးသံရဲရဲ သံဃဦးခေါင်းတွေ၊ ဦးမညွှတ် ဒူးမထောက်တဲ့ ကျောင်းသားလူငယ်တွေ၊ ရင်ထုမနာဖြစ်နေတဲ့ မိန်းမပျိုတွေ၊ လွင်တီးခေါင်ဘဝထဲမှာ တစာစာအော်နေတဲ့ ကလေးသူငယ်တွေနဲ့ နောက်ဆံတင်းနေတဲ့ သက်ကြီးရွယ်အိုတွေက အတ္တဘောကြီးရဲ့ ပါးလျပ်လျပ် အရေခွံ ဝမ်းဗိုက်ထဲမှာ။ ကုန်းရုန်းတွန်းကန်ကြ၊ ရုန်းကန်တွန်းထိုးကြနဲ့ နိုင်ငံခြားရုပ်ရှင်ကားတွေထဲက တစ္ဆေသူရဲဇာတ်လမ်းမျိုး။ တကယ့် ဖုတ်ကောင်ကြီးပါ …။
အကြည်းတန်ဒဏ်ရာ ဇာတ်လမ်းရှည်တွေ၊ အသည်းကွဲ ဖြစ်ရပ်ဆိုးတွေနဲ့ အမှောင်ထုကြီးစိုးတဲ့ ဇာတ်အိမ်နာတွေက တပုံတခေါင်း။ သူ့ကိုယ်ထဲမှာ နှစ်ပေါင်းများစွာကတည်းက အမြစ်တွယ်နေခဲ့တာ။ စေးထန်းနေတဲ့ သွေးမြစ်ရေ အစင်းပေါင်းများစွာက ခုန်ပေါက်စီးဆင်းလို့နေတယ်။ ချိုးဖျက်တိုက်စားနိုင်စွမ်းကြီးတဲ့ မုန်တိုင်းတွေလို အင်နဲ့အားနဲ့ကို ထွေးအန်ချကြ၊ တိုက်ခတ်ကြနဲ့။ တကယ့်ကို အဆိပ်သင့် ခန္ဓာကြီး၊ အသက်မဲ့ ခန္ဓာကြီး။ ဘုရားကု ကုလို့ မရနိုင်တဲ့ အာဏာရူးကြီး မှူးကြီးသန်းရွှေပဲပေါ့။
ဒင်း ချေမွလို့ ကြွေကျရတဲ့ အဖူးအပွင့်လေးတွေ၊ အနေမလှ အသေမလှတဲ့ ဖြစ်အင်တွေ၊ အခြိမ်းခြောက်ခံ အညှိုးခံ အကျဉ်းစံတွေ၊ အပင်းသွတ်သွင်းလို့ မလွတ်ကင်းရတဲ့ သေခြင်းဆိုးတွေ၊ အပူမီးဖြာ ချူချာကြတဲ့ လူမမာတွေ၊ လမ်းစတွေပျောက် လမ်းမှားပေါ် ရောက်နေရတဲ့ လူငယ်တွေ၊ ဘဝကံမွဲ တကွဲတပြားစီဖြစ်ရတဲ့ မိသားစုတွေ မရေမတွက်နိုင်အောင် ရှိခဲ့ပြီ။ မှူးကြီးသန်းရွှေဟာ တကယ့်ကို အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းလို လူစားပင်။
ဖါရောမင်း ဖမ်းဆီးထားတဲ့ ဣသရေလလူမျိုးတွေ လွတ်မြောက်ရေးအတွက် ဘုရားသခင်က မောရှေနဲ့ အာရုန်ကို စေလွှတ်ပြီး တန်ခိုးအမျိုးမျိုးပြကာ လွှတ်ပေးခိုင်းပါတယ်။ လှံတံ မြွေဖြစ်၊ မြစ်ရေကို လှံတံနဲ့ရိုက်တော့ အသွေးတွေဖြစ်၊ ငါးတွေသေ၊ အဲဂုတ္တုလူတို့ မြစ်ရေကို ရွံရှာ၊ သုံးမရ သောက်မရ။ သစ်ခွက်တွေ၊ ကျောက်အိုးတွေထဲကအစ ရေတွေဟာ သွေးတွေဖြစ်ကုန်တယ်။ ဒါပေမဲ့ နှလုံးခိုင်တဲ့ ဖါရောမင်းက နားမထောင်၊ နှလုံးမသွင်းဘဲ နေတယ်။
ဒီတော့ ဖားတွေနဲ့ ဒဏ်ခတ်ခိုင်းပြန်တယ်။ အိပ်ခန်း၊ အိပ်ယာ၊ မုန့်နယ်ခွက်ကအစ မီးဖိုချောင်ထဲအထိ ဖားတွေ ခုန်တက်ကုန်တယ်။ ဒါ့အပြင် မြေမှုန့်တွေကနေ ခြင်ကောင်တွေ ဖြစ်စေပြန်တယ်။ ယင်ရဲတွေနဲ့ ပေးတိုက်ခဲ့တယ်၊ ဝိဇ္ဇာဆရာတွေလည်း ဘာမှမတတ်နိုင်ဘူး။ ဒါပေမဲ့ ဖါရောမင်းက မဖြုံရေးချ မဖြုံပေါ့။
အဲဂုတ္တုတွေရဲ့ မြင်း၊ မြည်း၊ ကုလားအုပ်၊ သိုး၊ နွား၊ တိရစ္ဆာန်တွေ ရောဂါရစေပြန်တယ်။ မီးဖိုထဲကပြာကို မိုးကောင်းကင်ထဲ ပစ်လွှတ်ပြန်တော့ လူတွေ၊ တိရစ္ဆာန်တွေဟာ ခဲအကျိတ်ပြည့်တဲ့ အနာဆိုးတွေ စွဲကပ်၊ ကာလနာနဲ့ ဒဏ်ခတ်၊ မီးနဲ့ရောပြီး မိုးသီးတွေ ပြိုဆင်းကျ၊ စုံလို့ပါပဲ။ ဒါပေမဲ့ ဖါရောဘုရင်ကတော့ ထှာရဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ပမာမခန့်လုပ်တာပါပဲ။ အပြစ်မဲ့သူတွေ လွတ်မြောက်ရေးအတွက် တရားချပေမယ့် မရပါဘူး။
ဒီတော့လည်း မြေမျက်နှာပြင်တခုလုံး ကျိုင်းကောင်တွေ ဖုန်းလွှမ်းစေပြန်တယ်။ သစ်ပင်မြက်ပင်ကအစ စိမ်းတဲ့အရာ မကျန်ရစ်။ နောက်တမျိုးက ၃ ရက်လုံးလုံး ထူထပ်တဲ့ မှောင်မိုက်မှုမျိုးနဲ့ လူတွေကို ထိုင်ရာကတောင် မထနိုင်အောင် တိုက်ယူပစ်တာ။ ဒီ့ထက်ပိုကြမ်းသွားတာက အဲဂုတ္တုမျိုးနွယ် သားဦးတွေ၊ တိရစ္ဆာန်သားဦးတွေ သေကုန်ကြတယ်။ အားလုံး ယူကျုံးမရ ဖြစ်တယ်။ အကြီးအကျယ် ငိုကြွေးကြတယ်။
နည်းလမ်းပေါင်းစုံနဲ့ အကြိမ်ကြိမ် ဖိအားပေးခဲ့တာပါ။ လက်မခံတာနဲ့အမျှ တရွေ့ရွေ့နဲ့ အဆိုးဆုံးအခြေအနေကို ဆိုက်ရောက်လာရတာပါပဲ။ ဒီအခြေအနေရောက်မှပဲ ဣသရေလလူမျိုး ၆ သိန်းဟာ လွတ်မြောက်ရတာပါ။
သြဇာလက်စောင်းထက်တဲ့၊ တလွဲဆံပင်ကောင်းတဲ့ ဘုရင်ရူးတယောက်ကြောင့် မလိုလားအပ်တဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင် တက်ခဲ့ရတယ်။ အပြစ်မဲ့လူတွေ အထိနာရတယ်။ ပြောခဲ့သလိုပဲ လွတ်မြောက်ရေး လမ်းစက အဆိုးဆုံး အခြေအနေကို ကျော်လွန်ပြီးမှ မြင်ခဲ့ရတာပါ။
ကိုယ့်တိုင်းပြည်ကို အဆိုးဆုံးထိ မတက်လှမ်းရဘဲ အကောင်းဆုံးကို မျှော်လင့်ချင်တာပါ။ ဖြစ်တန်ချေကတော့ လက်ရှိအခြေအနေအရ အတော်ပဲ နည်းပါးနေပါတယ်။ နှစ်ဖက်အကြား တင်းမာမှုအလုံးစုံက အဆိုးဆုံးဆီ အပြေးနှင်နေသလိုပါပဲ။ ပြည်သူတွေက ဒင်းတို့အပေါ် ချဉ်ချဉ်တူးတူး ဖြစ်နေပြီ။ ဒင်းတို့ကလည်း မီးကုန်ယမ်းကုန် မိုက်ဂုဏ် ပြနေဆဲ။
တယောက်သောသူက ထူးဆန်းတဲ့ အိပ်မက်တခုကို မကြာသေးခင်က ပြောပြပါတယ်။ တကယ့်အိပ်မက်ပါ။ သူက အိပ်မက်ရှည်ကြီးကို အသေးစိတ်ပြောပြတာ။ သူမို့ အဲဒီလောက် မက်တတ်တာ။ ကိုယ်ဖြင့် မမက်ဖူးပေါင်။ သူ့အိပ်မက်ကြောင့် ဒီဆောင်းပါး ရေးဖြစ်တာဆိုတော့ ပြန်ပြောပါ့မယ်။ ဒါပေမဲ့ အတိုချုံးပေါ့ …။
… ရွာတရွာမှာ ဧရာမကြီးမားတဲ့ သံအိမ်ကြီးတလုံး ဆောက်နေတယ်။ တခြားရွာတွေနဲ့ ယှဉ်တဲ့အခါ အသာစီးရဖို့ ရည်ရွယ်ပြီး ဆောက်တာ။ သံအိမ်ကြီးကို လှပတင့်တယ်စေဖို့ အမျိုးမျိုး မွမ်းမံခြယ်သလာပါတယ်။ ဆောက်လုပ်ချိန်က ကြာပါပြီ။ မပြီးနိုင်သေးပါ။ ဟိုလိုကောင်းမလား၊ ဒီလိုကောင်းမလားဆိုပြီး တိုင်းထွာတွက်ချက်ရင်း ဟိုဟာလေးပြင်၊ ဒီဟာလေးပြင်နဲ့ပေါ့။ (ကောင်းစေချင်တာနေမှာ)။ အလုပ်သမားတွေကျ ကြည့်လိုက်အုံး။ ခြေပြတ်လက် ပြတ်တွေ။ ပြီးတော့ သူတို့တွေဟာ ခေါင်းပါပြတ်နေတာ။ (ဒါကျတော့ အိပ်မက်က အတော်ဆိုးပါတယ်။ ဦးနှောက်မဲ့သူတွေကို ကိုယ်စားပြုချင်ဟန်တူတယ်။ ဒါပေမဲ့ ဘယ်လိုများ အလုပ်လုပ်ကြတယ်မသိ)။ အိမ်ကြီးအရှင်ကတော့ သူကြီးပါ။
သူကြီးမှာ သားဆိုးသမီးဆိုးနဲ့ အကြံပေး မကောင်းလှပေမယ့် သူကြီးအပေါ် တီးတိုးတိုင်ပင်ဖော် သြဇာညောင်းတဲ့ သူတွေကလည်း ဘယ်ညာဝိုင်းလို့။ သူတို့ကလည်း သူကြီးအလိုကျ အားပေးကြတယ်။ (ကြည့်လိုက်ရင် တကယ့်ကို အင်အားကောင်းတဲ့ သူကြီးတယောက်ပဲ။ အခြွေအရံက များ၊ ငွေကြေးက ပြည့်စုံ၊ သြဇာအာဏာက ကြီးမား၊ လုပ်ကွက်လည်း သာ)။
သူဟာ သံအိမ်ကြီးကို ကြည့်ရင်းကြည့်ရင်းကနေ သဘောခွေ့ပြီး မာန်တွေ တက်တက်လာတယ်။ လောဘတွေလည်း လှိမ့်တက်နေတယ်၊ တခြားရွာတွေနဲ့ ယှဉ်ပြိုင်ရာမှာ အိမ်ကြီးဟာ အင်အားဖြစ်တယ်၊ အနိုင်ပိုင်းမယ့် အရာဖြစ်တယ်လို့ သူက အရူးအမူး မြင်နေတော့တာကိုး။ ဒါကြောင့်လည်း အိမ်တော်ကြီးကို သူ့စိတ်ကူးအတိုင်း အကျယ်ချဲ့လာတယ်။ အထပ်တွေလည်း တိုးဆောက်နေတော့တာ၊ (ဘုရင်ရူးကြီး မှူးကြီးသန်းရွှေလို နေမှာပေါ့)။
အိမ်တော်ကြီးကို တိုးချင်တိုင်း တိုး၊ ချဲ့ချင်တိုင်း ချဲ့နေလို့ ဘေးပတ်ဝန်းကျင်က အိမ်တွေ၊ လယ်ယာမြေတွေကို သိမ်းချင်တိုင်း သိမ်းရတော့တာပဲ။ သူ့အမိန့်အတိုင်း တသွေမတိမ်း လိုက်နာမယ့်သူတွေလည်း မနိုင်မနင်း မွေးရတာပေါ့။ (ဒါက ရိုးပါသေးတယ်။ ကြံ့ဖွတ်တွေ၊ မီးသတ်တွေလို နေမှာ)။ အိမ်ကြီးကို ထိန်းသိမ်းပြုပြင်ဖို့ ရွာသားတွေကို အသားကုန် လွှတ်ခိုင်းတာပေါ့။ လူတွေက အလုပ်ပျက် အကိုင်ပျက်နဲ့ သူ့အတွက်ပဲ လုပ်ပေးနေရတာ။
ဒီကြားထဲ သူ မွေးထားတဲ့ လူဆိုးလူမိုက်တွေက သူကြီးကြိုက်မယ်ထင်သမျှ လုပ်မိလုပ်ရာ လုပ်တာပေါ့။ သူတို့တွေက အခွင့်ထူးခံတယ်။ အနိုင့်အထက် လုပ်တယ်။ ဆိုတော့ ရွာသားအချင်းချင်း လူရမ်းကားနဲ့ လူလိမ်မာ၊ အခွင့်အာဏာရှိသူနဲ့ အခွင့်အလမ်း မရှိသူ၊ စီးပွားဥစ္စာ ကြီးပွားချမ်းသာသူနဲ့ ကုန်းကောက်စရာ မရှိသူဆိုပြီး ကွဲထွက်သွားတယ်။ တရွာထဲသားချင်း အစေးမကပ်ကြဘူး။ ရန်စောင်နေကြတယ်။
သူကြီးကိုယ်တိုင်က ဒီဒေသတခွင်မှာ နယ်နယ်ရရ ပုဂ္ဂိုလ်မှ မဟုတ်တာ။ ဆိုးလိုက်မိုက်လိုက်ပုံက လွန်ရော။ ဒါကြောင့် လက်အောက်ငယ်သားတွေဟာ သူ့ထက်ဆိုးတဲ့ တပိုင်တနိုင် အရိုင်းအစိုင်းလေးတွေ ဖြစ်လာတာပေါ့။ နှိပ်စက်ချင်ရာ နှိပ်စက်၊ ကြမ်းချင်တိုင်း ကြမ်း၊ ရမ်းချင်တိုင်း ရမ်း။ မကောင်းမှန်းသိသိနဲ့ကို လုပ်မိလုပ်ရာ လျှောက်လုပ်တာပဲ။
ရွှေဉာဏ်တော်စူးရှတဲ့ သူကြီးရူးရဲ့ သံအိမ်တော်ကြီးအတွင်း လုပ်ကိုင်နေသူတွေကလည်း ဦးနှောက်မရှိကြတော့ လုပ်သင့်မလုပ်သင့် မစဉ်းစားဘူး။ ခိုးသူဝှက်သူ၊ ခိုသူကပ်သူတွေ ဖြစ်တယ်။ သံချေးတွေတက်၊ သံတိုင်တွေ ယိုင်ရွဲ့၊ ဟိုဟာပျက် ဒီဟာပျောက်နဲ့၊ ဗရမ်းဗတာကို ဖြစ်နေကြတာ။ တိုတိုနဲ့ အဆုံးသတ်ရရင် အဆုံးမှာတော့ သံအိမ်ကြီး ပြိုကျသွားတာပေါ့။ သူ့အိပ်မက်က ဒါပါပဲ။
ဒါပေမဲ့ သူ ဆက်ပြီး မက်ခွင့်မရတာက သူကြီး ဘာဖြစ်သွားလဲ ဆိုတာပါ။ ဒီတော့လည်း ကိုယ်ပါ မသိရတော့ဘူး ဖြစ်သွားတာပေါ့။ အားမလို အားမရနဲ့ ကျန်ခဲ့ရတယ်။ ဒါပေမဲ့ ဖြည့်တွေးကြည့်တာပေါ့လေ။
မြန်မာပြည်က စစ်အာဏာရှင်တို့ရဲ့ ဘိုးအေကြီး ဦးနေဝင်းနဲ့ နယ်စားပယ်စား အာဏာရှင် ပေါက်စနေတွေ ဘာဖြစ်ခဲ့လဲ။ အဆိုးဆုံးဘဝနဲ့ နိဂုံးကမ္ပတ် အဆုံးသတ်ခဲ့ကြတယ်။ ဖါရောမင်း ဘာဖြစ်ခဲ့လဲ။ သူလည်းပဲ အားကိုးတကြီးရှိခဲ့တဲ့ အရာတွေ ဆုံးရှုံးခဲ့တယ်။ ခိုင်လှပါတယ်ဆိုတဲ့ နှလုံးအိမ်ကြီး ကွဲကြေခဲ့ရတယ်။ မှူးကြီးသန်းရွှေရဲ့ ဘဝနိဂုံးဟာလည်း အဆုံးသတ် သွားပြီလို့တောင် ပြောနိုင်တယ်။ ကြွင်းကျန်အာဏာတွေကို ဖက်တွယ်ရင်း၊ ထင်ရာစိုင်းချင် စိုင်းနိုင်ပေမယ့် မကောင်းတဲ့ အကုသိုလ်တွေ ကျူးလွန်ခဲ့တာကြောင့် ရင်ဘတ်ထဲမှာ မသေမချင်း နာတာရှည်ဝေဒနာကို ပိုက်နေရမှာပါ။
သူကြီးလို လူစားကရော ဘာမို့လဲ။ ဒီပုတ်ထဲက ဒီပဲဖြစ်လို့ ပြေးလွတ်စရာ အကြောင်းမရှိပါဘူး။ ဖိနှိပ်ခံရသူတွေရဲ့ အိပ်မက်ဟာ သိပ်ကို သစ္စာရှိပါတယ်။ ရှိရင်းစွဲထက် ကျော်မက်သူ သိပ်မရှိဘူး။ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေဟာ အိပ်မက်တွေကို အတော်ပဲ ပြဋ္ဌာန်းလွှမ်းမိုးပါတယ်။
အိပ်မက်တွေ၊ လက်တွေ့ဖြစ်ရပ်တွေနဲ့ ဇာတ်တော်လာ တရားဓမ္မတွေက ဒီလိုပဲ ပြနေတာ။ အလွန်အမင်း မကောင်းမှုကျူးလွန်တဲ့ မင်းဆိုးမင်းညစ်တွေဟာ ဘယ်တော့မှ အပြစ်မဲ့ပြည်သူတွေရဲ့ လိုဘဆန္ဒကနေ လွတ်ကင်းရာဆီ ပြေးမထွက်နိုင်ပါဘူး။ သူတို့တွေက လွတ်အောင်တော့ ကြိုးစားတာချည်းပါပဲ။ ဒါပေမဲ့ ပြည်သူတွေရဲ့ ကျိန်စာက အဖက်ဖက်က လှည့်ပတ်ချုပ်နှောင်ထားပြီးသားပါ။
အာဏာရှင်တွေအတွက် ပြေးလို့မလွတ်တဲ့ အပြစ်မဲ့ ပြည်သူတွေရဲ့ ကျိန်စာစက်ကွင်းပါပဲ။ လွတ်အောင်ပြေးစမ်းပါလေ။
ပြေးလို့ လွတ်မှာလား …။
(ဒီဆောင်းပါးဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးတဲ့ ညီလေးမုံပီးနဲ့ ဆရာမန်းကို ကျေးဇူးတင်ပါတယ်။ သမ္မာကျမ်းစာထဲက ရှင်မောရှေ စီရင်ရေးသားတဲ့ ထွက်မြောက်ရာကျမ်းမှ ကျမ်းချက်တချို့ကို ကိုးကားပါတယ်။) (လွန်ခဲ့တဲ့ ၃-၄ နှစ်ကတည်းက ထွက်ပေါ်ခဲ့တဲ့ ပုံဟောင်းကို ပြန်တင်ခြင်းပါ။)
Subscribe to:
Post Comments (Atom)
ရေးသူဆောင်းပါးရှင်ရဲ့ကလောင်နာမည်ကို ဆောင်းပါးနှင့်တစ်ကွပူးတွဲဖော်ပြသင့်ပါတယ်။
ReplyDelete