စစ်အစိုးနဲ့ကျောင်းသား
အချိန်ကား ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက် မနက် (၈) နာရီ (၂၅)
မိနစ် ….. တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းက မြန်မာ့အသံကနေ နိုင်ငံတော်အာဏာကို
ဗမာ့တပ်မတော်က တာဝန်ယူစောင့်ရှောက် လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ ဗမာပြည်တပြည်လုံးကသာမက
တကမ္ဘာလုံးကပါ စစ်တပ်ကအာဏာသိမ်းလိုက်ပြီဆိုတာ ရှင်းရှင်းလင်းလင်းသိသွားကြပါတယ်။
ယင်းနေ့
မနက်ပိုင်းမှာပဲ တော်လှန်ရေးကောင်စီ ဖွဲ့စည်းလိုက်ပြီ’ ဖြစ်ကြောင်းသတင်းကိုပါ မြန်မာ့အသံက
ဆက်လက်ထုတ်ပြန် ကြေညာခဲ့ပါတယ်။
တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မိမိတို့ ယုံကြည် ကိုင်စွဲရာ
နိုင်ငံရေးဝါဒ လမ်းစဉ် ပေါ်လစီတွေအတိုင်း နိုင်ငံရေးပါတီအဖွဲ့စည်းအသီးသီးက အားထုတ်ကြိုးပမ်း
လုပ်ဆောင်နေကြချိန်၊ စစ်မှန် တဲ့ပြည်ထောင်စုကြီး ဖြစ်တည်ပေါ်ထွန်းလာနိုင်ရေးအတွက် လူမျိုးပေါင်းစုံ
ပြည်နယ်ပေါင်းစုံ တို့ကလည်း ဖက်ဒရယ်မူကို ကြွေးကြော်တင်ပြရင်း ကြိးပမ်းအားထုတ် လှုပ်ရှားနေကြချိန်မှာပဲ
ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ စစ်တပ်ကြီးကနေ ပါလီမန်ဒီမိုကရေစီခေတ်ကြီးရဲ့ အဆုံးသတ်
ကန့်လန်ကာကို လက်နက်ကိုင်နည်းနဲ့ ဆွဲချဖုံးအုပ် နိဂုံးချုပ်ပေးလိုက်ပါတော့တယ်။
တနည်းဆိုသော် ပါလီမန်ဒီမိုကရေစီအင်အားစုတွေအားလုံး၊ ပြည်သူ့ဒီမိုကရေစီအင်အားစုတွေအားလုံးနဲ့
မိမိတို့ရဲ့တရားသဖြင့် အခွင့်အရေးတွေအတွက် လှုပ်ရှားရုန်းကန် ကြိးပမ်းဖော်ဆောင်နေကြတဲ့
လူမျိုးစု အင်အားစုတွေအားလုံးကို ဖယ်ရှားဖျက်ကျော်လိုက်ပြီး၊ စစ်တပ်အင်အားစုကြီးက နိုင်ငံတော်အာဏာကို
ဝင်ရောက်သိမ်းပိုက်ရယူလိုက်တာဖြစ်ပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကြီးကို အသက်နဲ့ရင်းပြီး
ကာကွယ်စောင့်ထိန်းလိုက်နာပါ့မယ်လို့ လူသိရှင်ကြားကတိပေးထားခဲ့တဲ့ ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့
စစ်တပ်ဟာ အခြေခံဥပဒေကြီးကိုလည်း အပြီးအပိုင် ဘေးဖယ်ပစ်လိုက်တော့တယ်။
အဲဒီလို ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ တပ်မတော်ကနေ အာဏာသိမ်းယူလိုက်ပြီး
တော်လှန်ရေးကောင်စီဆိုတာကို ဖွဲ့စည်း၊ အစိုးရအဖွဲ့ဆိုတာကို တိတိလင်းလင်း ကြေညာလိုက်တာနဲ့တပြိင်နက်၊
အဲဒီအာဏာသိမ်းမှုကြီးကို ဗွေဆော်ဦး ပြတ်ပြတ်သားသား ဆန့်ကျင်ရှုံ့ချလိုက်ကြတာကတော့
ကျောင်းသားထုရဲ့ ‘ဗကသ’ နဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဆိုတဲ့ ‘ဗကပ’ တို့ဖြစ်ပါတယ်။
လူငယ့်တပ်ဦးနဲ့ မဟာမိတ်အဖွဲ့ (၁ဝ) ဖွဲ့၊ ရခိုင်သံဃာတပ်ဦး၊
ရခိုင် သောတုဇနအဖွဲ့ချုပ်တို့ကလည်း ဆန့်ကျင်ကန့်ကွက်ကြောင်း တရားဝင်စာထုတ်ခဲ့ကြပါတယ်။
ရန်ကုန်ခရိုင်င်ကျောင်းသားများသမဂ္ဂ (ရကသ)နဲ့ တက္ကသိုလ်တပ်ဦးသစ် တို့ကလည်း၊ လက်မခံကြောင်း
ဆန့်ကျင်ကန့်ကွက်ကြောင်း ကြေညာခဲ့ပါတယ်။
စစ်အစိုးရဆိုသည်မှာ
ဆန့်ကျင် ရှုံ့ချမှုတွေကြားကနေပဲ ၁၉၆၂ ခု၊ ဇူလိုင် (၄)
ရက်နေ့မှာ ‘မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ’ ထွက်ပေါ်လာပါတယ်။ ပြည်ပရေးနိုင်ငံခြားရေးပေါ်လစီမှာ
ကြားနေရေးဝါဒကို ကျင့်သုံးလိုက်နာပြီး၊ ပြည်တွင်းရေးနိုင်ငံရေးပေါ်လစီမှာ ဆိုရှယ်လစ်လမ်းကြောင်းအတိုင်း
ချီတက်မယ်လို့ ကြွေးကြော်ထားခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တော်လှန်ရေးကောင်စီအစိုးရဟာ
အာဏာသိမ်းပြီးတက်လာခဲ့ရုံမက၊ စစ်အာဏာရှင် အစိုးရတရပ်သာဖြစ်တယ်ဆိုတဲ့ တကယ့်ပကတိရုပ်ပုံအမှန်ကိုတော့
ဘာမျက်နှာဖုံးစွပ်ပြီးမှ လုံအောင်ဖုံးနိုင် ကာကွယ်နိုင်ခြင်းမရှိခဲ့ပါ။
စစ်အစိုးရရဲ့ ဇာတိရုပ်ကို ပကတိအတိုင်းမြင်ရစေရန် စွပ်ထားတဲ့
ဆိုရှယ်လစ် ခေတ်ပြောင်းတော်လှန်ရေးဆိုတဲ့ မျက်နှာဖုံးကို ဆွဲအချွတ်ခံလိုက်ရသလိုဖြစ်ခဲ့ပြီး၊
(၆၂) ခုနှစ် အာဏာသိမ်းမှုအပြီး ပထမဆုံးအကြိမ် ဘီလူးရုပ်ပေါ်ခဲ့ရတဲ့ အဖြစ်အပျက်ကြီးကတော့.....
(၇)ဇူလိုင်အရေးအခင်းကြီး(သို့)စစ်အစိုးရရဲ့ ကျောင်းသားသတ်ပွဲကြီး ပါပဲ။
၁၉၆၂ ဇူလိုင်လထဲမှာ ကမ္ဘာအေးကုန်းမြေမှာ ကမ္ဘာ့ငြိမ်းချမ်းရေး
ညီလာခံကြီးကို ကျင်းပဖြစ်ခဲ့ပါတယ်။ ငြိမ်းချမ်းရေလိုလားသူများ အနုမြူလက်နက်ဖျက်သိမ်းရေး၊
ကမ္ဘာ့ငြိမ်းချမ်းရေး ထိန်းသိမ်းကာကွယ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးစတဲ့ ငြိမ်းချမ်းရေးအသံတွေ
ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီညီလာခံကြီးအပြီး ဇူလိုင်လ(၃) ရက်နေ့မှာတော့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ
(တကသ) အဆောက်အဦးကြီးအတွင်းကျောင်းသားထုရဲ့ ဆန္ဒပြပွဲတရပ် ပေါ်ပေါက်ခဲ့ပါတယ်။
ရန်ကုန်ခရိုင်
တန်းမြှင့်ကျောင်းထွက် စာမေးပွဲဖျက်သိမ်းမှုကို ကန့်ကွက်တဲ့ ကျောင်းသားထုရဲ့ ဆန္ဒပြပွဲဖြစ်ပါတယ်။
သမိုင်းအစဉ်လာ ကြီးမားလှတဲ့ ခွပ်ဒေါင်းအလံတော်အောက်မှာ ဗကသဥက္ကဋ္ဌကိုသက်၊တကသ
ဥက္ကဋ္ဌ ကိုဘဆွေလေးတို့က ဆန္ဒပြပွဲကို ထောက်ခံကြောင်း မိန့်ခွန်းတွေချွေခဲ့ကြပြီး ကျောင်းသားထုက
အောင်မြင်စွာကျင်းပခဲ့တာဖြစ်ပါတယ်။ ကျောင်းသားခေါင်းဆောင်တွေရဲ့ “ကမောက်ကမပညာရေးစနစ်
ဖျက်သိမ်းပစ်ဖို့အကြောင်း၊
ပညာရေးစနစ်ကိုပြုပြင်တဲ့အခါ ပြည်တွင်းငြိမ်းချမ်းရေးလိုအပ်တဲ့အတွက်
ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန်တောင်းဆိုကြောင်း ဆိုတဲ့ ဆန္ဒထုတ်ဖော်သံတွေဟာ စီစီညံအောင်
ပဲ့တင်သံထပ်ခဲ့ပါတယ်။
တဆက်တည်းမှာ
၁။ အရာရှိဆိုးတွေ (အရေးယူပစ်) အရေးယူပစ်၊
၂။ စာမေးပွဲအောင်စာရင်းအမြန်ထုတ်ပေး (အမြန်ထုတ်ပေး)၊
၃။ ကမောက်ကမပညာရေးစနစ် (ဖျက်သိမ်းပစ်) ဖျက်သိမ်းပစ်၊
၎။ ကျောင်းသားထုကို (မခြိမ်းခြောက်နဲ့) မချိမ်းခြောက်နဲ့၊
၅။ ကျောင်းသားထု (သွေးစည်းကြ) သွေးစည်းကြ၊
ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ တက္ကသိုလ်ဝင်းအတွင်းငြိမ်းချမ်းစွာလှည့်လည်ကြွေးကြော်ပြီး
တကသ အဆောက်အဦးရှေ့မှာ ဆန္ဒပြပွဲအောင်မြင်စွာ ရုပ်သိမ်းခဲ့ကြတယ်။
စစ်အစိုးရရဲ့ အာဏာသိမ်းတက်လာမှုကို စတင်ကန့်ကွက်ရှုတ်ချခဲ့တာ
ကျောင်းသားထုရဲ့ “ ဗကသ”၊စစ်အစိုးရရဲ့ လုပ်ရပ်တွေကို ပွင့်ပွင့်လင်းလင်း ဝေဖန်ဆန့်ကျင့်ဆန္ဒပြခဲ့တာလည်း
ကျောင်းသား၊ (၅၈) ခုနှစ် ပထမအကြိမ် စစ်တပ်အာဏာသိမ်းတုန်းကလည်း တက်တက်ကြွကြွ ရှေ့တန်းကနေ
စစ်တပ်အာဏာသိမ်းမှုကို ရှုတ်ချဆန့်ကျင်ခဲ့တာလည်း ကျောင်းသားထုရဲ့” ဗကသ၊”“တကသ”၊ “ရကသ”၊
တွေ ဖြစ်ခဲ့အတွက် စစ်အစိုးရအနေနဲ့ ကျောင်းသားတွေကို အတော်ပဲ အခဲမကျေ ဖြစ်နေဟန်ရှိပါတယ်။
ထုံးစံအတိုင်း ယုတ်မာပြီ
အိမ်စောင့်အစိုးရလက်ထက်တုန်းကတည်းက ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရဟာ
ငြိမ်ဝပ်ပိပြားရေးစီမံချက်အမျိုးမျိုးနဲ့ ကျောင်းသားထုအပေါ် နှိပ်ကွပ်ခဲ့ဖူးလက်စ ရှိနေတအတိုင်း
ကျောင်းသားလှုပ်ရှားမှု မှန်သမျှကို အပြီးတိုင် ဇက်သတ်ပစ်နိုင်ဖို့ ကြိးစားအားထုတ်ပါတော့တယ်။
ဒီလိုနဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသား ထုအပေါ် ဖိနှိပ်ချုပ်ချယ်ဖို့
အစီအစဉ်ရှိရှိ ရေးဆွဲထားတဲ့ ‘အဆောင်စည်းကမ်းသစ်’ တွေကို ချမှတ်ပြဋ္ဌာန်းလိုက်ပါတယ်။ တော်လှန်ရေးကောင်စီအဖြစ်
အာဏာသိမ်းတက်လာပြီးတဲ့နောက် ချမှတ်ပြဋ္ဌာန်းလိုက်တဲ့ ဒီအဆောင်စည်းကမ်းသစ်တွေဟာ နယ်ချဲ့
ကိုလိုနီအစိုးရလက်ထက်ကတောင် မရှိခဲ့ဘူး၊ မချမှတ်ခဲ့ဖူးတဲ့ အဆောင်စည်းကမ်းတွေဖြစ်ပါတယ်။
တက္ကသိုလ်ကျောင်းသားထုရဲ့ ဂုဏ်သိက္ခာကို ညိုးနွမ်းအောင်၊နိမ့်ပါးအောင် နှိမ့်ချစော်ကားလိုက်သလိုဖြစ်တဲ့အပြင်၊
ဘယ်တုန်းကမှ ချမှတ်ခြင်းမခံရဘူးတဲ့ ပြင်းထန်တင်းကြပ်လွန်းလှတဲ့ စည်းကမ်းဥပဒေတွေပဲဖြစ်ပါတယ်။
အစကမှ စစ်အစိုးရအပေါ် မလိုလားနိုင် မနှစ်သက်နိုင်ဖြစ်နေကြရတဲ့အထဲ
အခုလို စည်းကမ်းချက်တွေ ချမှတ်တဲ့အခါ ကျောင်းသားထုကြီးဟာ မခံရပ်အောင်ဖြစ်သွားခဲ့ရပါတယ်။
တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီမှာလည်း ကျောင်းသားကိုယ်စားလှယ် ‘တကသကိုယ်စားလှယ်’ ဖျက်သိမ်းခံရပြီး
ပါဝင်ခွင့်မရဖြစ်နေလို့ မကြေမချမ်းစရာဖြစ်နေစဲအချိန်မှာ စည်းကမ်းသစ်တွေထပ်မံ ပြဋ္ဌာန်းလာခြင်းဟာ
ကျောင်းသားထုကို စော်ကားလာတာနဲ့မခြား အခံရခက်စေခဲ့ပါတယ်။
ဇူလိုင် (၆)ရက်နေ့ည (၁ဝ)နာရီ ရွှေဘိုဆောင် စာဖတ်အသင်း အစည်းအဝေးအပြီးမှာ
တင်းကြပ်တဲ့ အဆောင်စည်းကမ်း အသစ်တွေကို မခံရပ်နိုင်သူတွေက အော်ဟစ်ပြောဆိုကြပါတယ်။ အခြားအဆောင်တွေကလည်း
အော်ဟစ်ပြောဆိုလာကြတဲ့အတွက် အဆောင်အားလုံးရဲ့ အော်ဟစ်ဆန္ဒပြပွဲကြီးလို ဖြစ်လာခဲ့ပါတယ်။
အဲဒီနောက် ပိတ်ထားတဲ့ အဆောင်တံခါးတွေကို ဖွင့်ပေးဖို့ အဆောင်မှူးတွေကို ပြောဆိုကျတဲ့အခါ
အဆောင်မှူးတွေက ဖွင့်မပေးလို့  တံခါးကိုရိုက်ချိုး ဖွင့်ကြတာတွေ၊ အဲဒီနောက် မကျေနပ်သူ
ကျောင်းသားတွေစုပေါင်းပြီး တက္ကသိုလ်အုပ်ချုပ်ရေးမှူး ဦးယုခင် အိမ် သွားဝိုင်းဆန္ဒပြတာ၊
ပါမေက္ခချုပ် ဦးကာအိမ် သွားဝိုင်းဆန္ဒပြတာပေါ်ပေါက်ခဲ့ပါတယ်။
အဲသည့်အချိန်က ကျောင်းသားတွေနဲ့အဆင်ပြေတဲ့ ကျောင်းသားတွေဘက်ကရပ်တဲ့
ပါမောက္ခချုပ်ဆရာကြီးဦးသာလှ ကိုဖယ်ရှားပြီး ဗိုလ်နေဝင်း က သူဆရာအရင်းဖြစ်တဲ့ ဦးကာကို
ပါမောက္ခချုပ် ခန့်အပ်ထားချိန်ဖြစ်ပါတယ်။ ဦးကာဟာ ဗိုလ်နေဝင်းရဲ့ အိမ်စောင့်အစိုးရ လက်ထက်တုန်းကလည်း
ပညာရေးဝန်ကြီးအဖြစ် အမှုထမ်းခဲ့သလည်းဖြစ်ပါတယ်။ တက္ကသိုလ်အုပ်ချုပ်ရေးမှူး ဦးယုခင်က
ကျောင်းသားတွေရဲ့ မကျေနပ်ချက်တွေ၊ တောင်းဆိုချက်တွေကို တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီသို့
တင်ပြပေးမယ်လို့ ဖြေရှင်း ပြောဆိုခဲ့တယ်ဆိုပါတယ်။
သတ်ပြီ
ဇူလိုင် (၇) ရက်နေ့ နေ့လည်မှာ “တကသ” က ကြီးမှူးပြီး တက္ကသိုလ်ကျောင်းသားထု
အစည်းအဝေး ကြီးကို ခေါ်ဆိုကျင်းပပါတယ်။ တကသ ဥက္ကဋ္ဌ ကိုဗဆွေလေး၊ ဗကသ ဥက္ကဋ္ဌ ကိုသက် အပါအဝင်
ကျောင်းသားခေါင်းဆောင်တွေ တယောက်ပြီးတယောက် စကားပြောကြပါတယ်။
ကျောင်းသားခေါင်းဆောင်တွေနဲ့ တက်ရောက်လာကြတဲ့ ကျောင်းသားထုဟာ
ဖြစ်ပေါ်လာနေတဲ့ လတ်တလောအခြေအနေတွေကို တင်ပြဆွေးနွေးညှိနှိုင်းကြပြီးတဲ့နောက် စစ်အစိုးရက
ချမှတ်ပြဋ္ဌာန်းလာတဲ့ ‘တရားမမျှတတဲ့ အဆောင်စည်းကမ်းများ ဖျက်သိမ်းရေးတောင်းဆိုဖို့ ’
ဆုံးဖြတ်လိုက်ကြပါတယ်။
သမဂ္ဂကြီးအတွင်း ကျင်းပတဲ့ကျောင်းသားထု အစည်းအဝေးကြီးပြီးတဲ့နောက်မှာ
ကျောင်းသားများဟာ အဆောင်ပြန်သူပြန် နားသူနားမြိ့ထဲသွားသူသွား လဖက်ရည်ဆိုင်ထိုင်သူထိုင်
အေးအေးဆေးဆေး ပုံမှန်အနေအထားအတိုင်းရှိခဲ့ကြပါတယ်။ ပုံမှန်အနေအထားတိုင်း မရှိခဲ့တာကတော့ စစ်အစိုးရဘက်ကပဲဖြစ်ပါတယ်။
ကျောင်းသားထုရဲ့လှုပ်ရှားတောင်းဆိုမှုကို အပြတ်အသတ် နင်းချေပစ်ဖို့၊
ပွဲဦးထွက် ဒီအရေးကို အပေါ်စီးကနေ အနိုင်ယူ အပြတ်ဖိထား နိုင်ဖို့အတွက် အကွက်ရိုက်ပြီး
ပြင်ဆင်လာခဲ့ပါတယ်။ ဒီအရေးကို ပီပီပြင်ပြင်ကိုင်တွယ်နိုင်ဖို့ဆိုပြီး အသံလွှင့်ရုံထဲမှာ
အမိန့်ပေးကွပ်ကဲရေးအဖွဲ့ကို နေရာယူ ထားစေခဲ့ပါတယ်။ ခေါင်းဆောင်အဖြစ် တော်လှန်ရေးကောင်စီဝင်နဲ့
ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ခံ ဗိုလ်မှူးကြီးကျော်စိုး၊ အဖွဲ့ဝင်တွေအဖြစ် ဗိုလ်မှူးကြီးလှဟန၊်
ဗိုလ်မှူးကြီးစောမြင့်၊ ဗိုလ်မှူးကြီးဘနီ တို့လို တော်လှန်ကောင်စီဝင်ကြီးတွေအပြင် ထောက်လှမ်းရေးအကြီးအကဲ
ဗိုလ်မှူးကြီးမောင်လွင် (နှုတ်ခမ်းမွှေးဦးလွင်) နဲ့ ရဲမင်းကြီးဦးဘအေး တို့ အသင့်ရှိနေခဲ့ကြပါတယ်။
တော်လှန်ရေးကောင်စီရဲ့ နံပတ်နှစ်ပုဂ္ဂိုလ် ဗိုလ်မှူးချုပ်အောင်ကြီးလည်း ရောက်လာလိုက်
ထွက်သွားလိုက် လှုပ်ရှားပါဝင်နေခဲ့တယ်ဆိုပါတယ်။
ညနေ (၄) နာရီလောက်မှာ ရန်ကုန်တက္ကသိုလ်နယ်မြေအတွင်း လုံထိန်းရဲကားတွေ
ဝင်လာခဲ့ပါတယ်။ ကမာရွတ်ဂါတ်တဲကလို့ ယူဆရတဲ့ ရဲများလည်း ရောက်ရှိလာကြတယ်ဆိုပါတယ်။ တက္ကသိုလ်နယ်မြေထဲအထိ
ရောက်ရှိလာကြတဲ့ရဲတွေက ကျောင်းသားခေါင်းဆောင်တွေကို လက်ရဲဇက်ရဲ အတင်းဝင်ဖမ်းပါတော့တယ်။
သမဂ္ဂထဲအထိ ဝင်ဖမ်းတာတွေ လုပ်ခဲ့ကြပါတယ်၊၊ အချို့ကိုဆိုရင် ရိုက်နှက်ဖမ်းဆီးတာအထိတောင်
လုပ်ခဲ့ကြပါတယ်။ တကသ ဥက္ကဋ္ဌ ကိုဗဆွေလေး၊ ဗကသ ဥက္ကဋ္ဌ ကိုသက်၊ “ရကသ” အတွင်းရေးမှူး ကိုဉာဏ်ဝင်းတို့
အဖမ်းခံလိုက်ရပြီး ကမာရွတ်ဂါတ်တဲသို့ ခေါ်ဆောင်သွားတယ်ဆိုပါတယ်။
အဲဒီလို မတရားသဖြင့် အတင်းဝင်ဖမ်းဆီးတာ ခံကြရတာကြောင့်ရော၊
ကျောင်းသားခေါင်းဆောင်တွေကို စော်စော်ကားကား ဖမ်းဆီးပြုမူတာကြောင့်ပါ မခံမရပ်နိုင်အောင်
ဖြစ်လာရတဲ့ ကျောင်းသားတွေကဟာ ‘တို့ခေါင်းဆောင်တွေကိုဖမ်းနေပြီ၊ မခံကြနဲ့ဟေ့’ ဆိုပြီး
ပြန်လည်စုရုံး အော်ဟစ်ကြတယ်ဆိုပါတယ်။ အော်ဟစ်ဆန့်ကျင်ကန့်ကွက်ရင်း ရဲတွေကိုလည်း ခဲနဲ့ပြန်လည်ပစ်ပေါက်
မောင်းထုတ်တာ၊ တုန့်ပြန်တိုက်ခိုက်တာတွေလုပ်ခဲ့ကြပါတယ်။
အဲဒီလိုကျောင်းဝင်းထဲအထိ မောက်မောက်မာမာ ဝင်ရောက်ပြီး မတရားဖမ်းဆီတာကို
မခံရပ်နိုင်လို့ တုန့်ပြန်ရင်ဆိုင်ကြတာကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရပါတယ်။ ကျောင်းသားတွေက
အပြင်းအထန် ဆန့်ကျင်ခဲ့ကြပါတယ်။ ရဲတွေ ထွက်ခွာသွားပြီတဲ့နောက် မကြာမီ ဝင်ရောက်လာတာကတော့
စစ်ကားတွေဖြစ်ပါတော့တယ်။
ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ကိုယ်ရံတော်တပ်၊ အထူးတပ်ရင်းဖြစ်တဲ့
တပ်ရင်း (၄) က စစ်ကားတွေလို့ဆိုပါတယ်။ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးလှမြင့် နဲ့ နာမည်ကျော်
ဒုဗိုလ်မှူးကြီးစိန်လွင်တို့ပါ ရောက်ရှိလာကြတယ်။ကျောင်းသားထုရဲ့ နှလုံးသားတို့ ပျော်စံရာ
အဓိပတိလမ်းတလျောက် ကျက်သရေမရှိစွာ စစ်သားတွေကို နေရာယူစေခဲ့ပါတယ်။
အသင့်အနေအထား ပြင်ဆင်နေရာချပေးထားတဲ့
စစ်သားတွေကို တပ်ဆင်ပေးထားတာကတော့ ဗမာပြည်ကာကွယ်ရေးစက်ရုံက ထုတ်လုပ်ပေးထားတဲ့ ပေါ်ကာစ
ဂျီသရီး သေနတ်တွေပါပဲ။
တက္ကသိုလ်မြက်ခင်းပြင်တွေပေါ်မှာ ဝိုင်းဖွဲ့ စကားစမြည် ပြောနေကြတဲ့
ကျောင်းသား ကျောင်းသူတွေ၊ သမဂ္ဂကွင်းပြင်ရှေ့မှာ အေးအေးလူလူ ထိုင်နေကြတဲ့ ကျောင်းသားကျောင်းသူတွေ၊
အဆောင်အသီးသီးရဲ့ ဝရံတာရှေ့ထွက်ရပ်ပြီး ဟိုဟိုဒီဒီငေးနေကြတဲ့ ကျောင်းသားကျောင်းသူတွေ၊
စစ်အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံတွေကို ငြိမ်းချမ်းစွာ ကြွေးကြော်နေကြတဲ့ ကျောင်းသားကျောင်းသူတွေဟာ
မိနစ်ပိုင်းအတွင်းမှာ မရှု့မလှ အတုံးအရုန်းနဲ့ သွေးဖုံးကြရတော့မယ်ဆိုတာကို မသိကြပါဘူး။
များမကြာမီအချိန်အတွင်းမှာပဲ နိုင်ငံတော်ကောင်စီဝင် ဗိုလ်မှူးကြီး
သန်းစိန်ရဲ့ကား ဆိုက်ရောက်လာပြီး တံခါးဝမှာ ဒုဗိုလ်မှူးကြီးလှမြင့်၊ ဒုဗိုလ်မှူးကြီးစိန်လွင်
တို့နဲ့ ရပ်ပြီး စကားပြောတာ မြင်လိုက်ကြရတယ်ဆိုပါတယ်။ (၁ဝ) မိနစ်လောက်အကြာမှာ ဗိုလ်မှူးကြီသန်းစိန်
ကားပြန် ထွက်သွားတယ်ဆိုပါတယ်။ ဗိုလ်မှူးကြီးသန်းစိန် ပြန်သွားပြီးမကြာမီမှာပဲ စစ်ကားလေးတစီး
ထပ်မံရောက်လာပြီး၊ ကားထဲကနေ ဗိုလ်ကြီးအဆင့်ရှိသူတဦး ဆင်းလာကာ စာတစောင်ကို ဒုဗိုလ်မှူးကြီးလှမြင့်
နဲ့ ဒုဗိုလ်မှူးကြီး စိန်လွင်ကို ထုတ်ပေးသွားတယ်ဆိုပါတယ်။
အဲဒီကားကလေး ပြန်လည်ထွက်ခွာသွားသွားချင်း
လောက်မှာပဲ၊ ဒုဗိုလ်မှူးကြီးလှမြင့် နဲ့ ဒုဗိုလ်မှူးကြီးစိန်လွင် တို့ခေါင်းချင်းဆိုင်လိုက်ကြပြီးနောက်၊
အသင့်နေရာ ယူထားပြီးတပ်ကို ကျည်ထိုး မောင်းတင်ခိုင်းလိုက်ပါတော့တယ်။
တပ်ရင်းမှူးက လက်ကိုဝိုင်းပြီး သုံးကြိမ်ဝှေ့ရမ်းပြလိုက်တဲ့
အချိန်မှာတော့ အသင့်နေရာယူပြင်ဆင်ထားပြီး စစ်သားများရဲ့ လက်ထဲက သေနတ်များဟာ တပြိုင်တည်း
မီပွင့်သွားခဲ့ပါတယ်။ အော်တိုမက်တစ် ဂျီသရီးမောင်းပြန်သေနတ်သံတွေနဲ့အတူ အလဲလဲ အပြိုပြို ဖြစ်သွားရတဲ့
သေနတ်ထိမှန်ခံရသူ ကျောင်းသားများရဲ့ အော်ဟစ်သံတွေလည်း ပဲ့တင်ညံသွားရပါတော့တယ်။
သေသူသေ၊ ဒဏ်ရာရသူရ ပြေးကြလွှားကြ တရုန်းရုန်း တဝုန်းဝုန်းနဲ့
ကမ္ဘာပျက်သလို ဖြစ်ခဲ့ရပါတယ်။ ကံ့ကော်ဝေတဲ့ တက္ကသိုလ်မြေဟာ သွေးတစေ ခြောက်လှန့်ခံလိုက်ရပါတော့တယ်။
ကိုလိုနီနယ်ချဲ့အစိုးရ လက်အောက်တုန်းကတောင်
သေနတ်သံမကြားရဖူးခဲ့တဲ့ တက္ကသိုလ်မြေ၊ ယမ်းနံ့ယမ်းခိုး မဝေခဲ့ရဖူးတဲ့ ကံ့ကော်တန်း၊ တော်လှန်ရေးကောင်စီဆိုတဲ့
စစ်အစိုးရ လက်အောက်ရောက်ရလေမှ သွေးစိမ်းရှင်ရှင် လွှမ်းသွားခဲ့ရပါတော့တယ်။
အဓိပတိလမ်းမတလျောက် သွေးကွက်သွေးစက်တွေ စွန်းပေကျစင်ခဲ့ရုံမက၊
တက္ကသိုလ်မြက်ခင်းပြင်အနှံ့ သွေးစက် သွေးကွက်တွေ အိုင်ထွန်းပေကျံခဲ့ရုံမက၊အဆောင်တွေပေါ်မှာ၊
အဆောင်တွေထဲမှာအထိ သွေးစက်သွေးကွက်တွေ ထပ်ခဲ့ရပါတော့တယ်။ စစ်အစိုးရရဲ့ ပစ်မိန့်နဲ့
စစ်သားတွေရဲ့ အတင်း ဒရမန်းကြမ်း မဲမဲမြင်ရာပစ်ခတ်သံတွေဟာ အဆောင်တွေပေါ် အဆောင်တွေထဲအထိ
အညှိုးကြီးစွာ ကြရောက် ပေါက်ကွဲထိမှန်ခဲ့ပါတယ်။
လဲပြိုကျဆုံးသွားရတဲ့ ကျောင်းသားတွေ၊
ဒရီးဒရိုင်ဖြစ်ပြီး ဒဏ်ရာရခဲ့ရတဲ့ ကျောင်းသားတေ၊ွ ကျည်ဆံလွတ်ရာ ရှောင်ရင်းတိမ်းရင်း
နီးရာအဆောင်ထဲ ဝင်ပြေးခဲ့ရသူတွေ၊ အတိအကျ ရေတွက်လို့ မရနိုင်အောင်ဖြစ်ခဲ့ရပါတယ်။
ရန်ကုန်တက္ကသိုလ်ကျောင်းသားထုအတွက် ကမ္ဘာမကြေစရာ သွေးစွန်းတဲ့နေ့၊
ဗမာပြည် ကျောင်းသားထုအပေါင်းအတွက်လည်း ဥဒါန်းမကြေစရာ သွေးကြွေးစာရင်းဖွင့်ခဲ့ရတဲ့၊
နာကျည်းစရာအကောင်းဆုံး သွေးသမိုင်းတင်ခဲ့ရတဲ့ နေ့၊ မိဘပြည်သူတိုင်းအတွက်လည်း ရင်ဆို့စရာဖြစ်ခဲ့ရတဲ့
နေ့တနေ့ရဲ့ နေ့စွဲကတော့...
“(၇) ရက်ဇူလိုင်၊ ဇူလိုင် (၇)ရက်”
ပါပဲ။
အဆောင်နံရံပေါ်မှာ ရခဲ့တဲ့ သေနတ်ထိမှန်ဒဏ်ရာထဲက ထွက်ကျစီးယိုလာတဲ့သွေးနဲ့
“၇ ရက်ဇူလိုင် မမေ့ကြနဲ့”
ဆိုတဲ့စာတမ်းကို မြောင်းမြကကျောင်းသား ကိုကျော်ဝင်းက ရေးထိုး မော်ကွန်းတင် သွားခဲ့ပါတယ်။
နံရံပေါ်က သွေးနဲ့ရေးတဲ့စာကို ဖျက်လို့ရပေမယ့် ခေတ်အဆက်ဆက်
ညီနောင် အပေါင်းတို့က နှစ်စဉ်နှစ်တိုင်း နှလုံးသွေးထဲကနေ အစဉ်အဆက်ရေးလာကြတဲ့ ဒီသမိုင်းကိုတော့
ဘယ်တော့မှ ဖျက်လို့မရနိုင်ပါကြောင်း။
အေးနန္ဒာအောင်(ဂျပန်)
ကျမ်းကိုး။ ။ သမဂ္ဂစာစဉ် အတွဲ(၄) အမှတ်(၂)ဇူလိုင်လ ၂၀၀၉
ဝင်းတင့်ထွန်း (အမှောင်ကြားက ဗမာပြည်)
7July Photos Thaton Hall by ABFSU
ဝင်းတင့်ထွန်း (အမှောင်ကြားက ဗမာပြည်)
7July Photos Thaton Hall by ABFSU
၇-ရက်၊ ဇူလိုင်...မမေ့ကြနဲ့...
ReplyDelete