၁၉၈၇ ခုနှစ်၊ စက်တင်ဘာ (၅) ရက်နေ့မှာ (၂၅) ကျပ်တန်၊ (၃၅) ကျပ်တန်နဲ့
(၇၅) ကျပ်တန်ငွေတွေကို တရားမဝင် ကြေညာချလိုက်ပြီး၊
ပြည်တွင်းလှည့်လည်သုံးစွဲနေရတဲ့ ငွေကြေးရဲ့ ၈ဝရာခိုင်နှုန်း ဖြစ်တဲ့ ငွေကျပ်
သန်းပေါင်း (၆၅ဝဝ) ကျော်ကို အဓမ္မသိမ်းပိုက် ရယူပစ်လိုက်ပါတယ်။
လမ်းဘေးက ကန်စွန်းရွက်ရောင်းတဲ့သူကနေ တိုက်ကြီးပေါ်က ကုန်သည်ကြီးအထိ၊ ဝန်ထမ်းအမှု
ထမ်းတွေကနေ၊ ကျောင်းတက်နေရဆဲ ကျောင်းသူကျောင်းသားတွေအထိ တပြည်လုံး ဝရုန်းသုန်းကားဖြစ်
သွားခဲ့ရတဲ့အထိ အကြီးအကျယ် ထိခိုက်နစ်နာခဲ့ရပါတယ်။
ကျောင်းတက်နေဆဲ
ကျောင်းသူကျောင်းသားတွေ အိမ်ပြန်စရာလမ်းစရိတ်တောင် မရှိတော့တဲ့ဘဝ
မခံချိမခံသာကျရောက်ခဲ့ရပါတယ်။ ကျောင်းသူ ကျောင်းသားတချို့ရဲ့ မကျေမနပ်
ဆန့်ကျင်ဆန္ဒပြ အော်ဟစ်သံ လှုပ်ရှားမှုတွေ၊ မန္တလေးမြို့မှာ ပြည်သူလူထုရဲ့
ဆန့်ကျင်ကန့်ကွက် ပေါက်ကွဲ လှုပ်ရှားသံတွေ ကြိုကြားပေါ်ထွက်လာခဲ့ပါတယ်။
စစ်အစိုးရက ကျောင်းသူကျောင်းသားတွေကို ကျောင်းပိတ် အိမ်ပြန်စေလိုက်ပြီး ထွက်ပေါ်လာနိုင်တဲ့ အုံကြွမှုကိုလည်း အချိန်မီ အာဏာနဲ့
တားဆီးထိမ်းသိမ်းပစ်လိုက်နိုင်တဲ့အတွက် လူထုတိုက်ပွဲကြီးအထိ ရောက်ရှိမလာနိုင်တော့ပဲ ယာယီငြိမ်သက်သွားခဲ့ရပါတယ်။
ဒါပေမယ့် ပြည်သူလူထုကြီးတရပ်လုံးရဲ့ စစ်အစိုးရအပေါ် နာကျည်းမုန်းတီးစိတ်၊
လုံးဝအယုံအကြည်မရှိတော့တဲ့စိတ်၊ ဆန့်ကျင်တွန်းလှန် တုန့်ပြန်ချင်စိတ်တွေကို တဟုန်ထိုး မြှင့်ပေးလိုက်
သလိုဖြစ်သွားခဲ့ရပါတယ်။
အထွေထွေအကြပ်အတည်းပေါင်းစုံ၊
မကြေနပ်မပေါင်းစုံကနေ လူထုအုံကြွမှုကြီးတခုဆီ တာစူမိစပြုလာခဲ့ပြီဖြစ်ပါတယ်။
ပေါက်ကွဲလုနီးပါး အခြေအနေကြီးတရပ်ဟာ ဘက်ပေါင်းစုံ ဆိုက်
ရောက်လာခဲ့ပြီဖြစ်ပါတယ်။
ဦးနေဝင်း
က အောက်တိုဘာ (၈) ရက်နေ့ မဆလဗဟိုကော်မီတီအစည်းအဝေးမှာ အကုန်လုံးခြံငုံပြီး
ထည့်စဉ်းစားပြီးတော့ " မူသစ်ပြန်ချမှဖြစ်လိမ့်မယ်” လို့ပြောဆိုလာပါတယ်။
ပြောင်းလဲရေးကို ထပ်မံပြောဆိုလာပါတယ်။
ဒါပေမယ့် အချိန်က နှောင်းသွားခဲ့ပြီဖြစ်ပါတယ်။ ပြည်သူလူထုတရပ်လုံးရဲဥန အထွေထွေမကျေနပ်မှု
တွေက အမြင့်ဆုံးအဆင့် ရောက်ရှိနေပြီဖြစ်သလို၊ ဗမာပြည်ကြီးရဲ့ စီးပွားရေးအခြေအနေမှန်ကလည်း မဖုံးနိုင်
မဖိနိုင် ဖော်ပြလာခဲ့ပြီဖြစ်ပါတယ်။ စစ်အစိုးရဟာ ကြွေးတွေကိုလည်း ပြန်မဆပ်နိုင်တော့တဲ့အတွက် ဒေဝါလီ
ခံဖို့ပြင်ဆင်ပြီးပြီဖြစ်ပါတယ်။
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများစာရင်း “ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံ LDC”စာရင်းထည့်သွင်းပေးဖို့တရားဝင် လျှောက်ထားလိုက်ရပါတော့တယ်။
သူတောင်းစားနိုင်ငံ စာရင်းထည့်သွင်းပေးဖို့ လျှောက်ထားရာမှာတောင် တသက်လုံး လိမ်လာခဲ့တာ
တွေ၊ ခပ်တည်တည် ကြွေးကြော်လာခဲ့တာတွေ၊ မဟုတ်က ဟုတ်က ဝါဒဖြန့် ဖြီးဖြန်းလာခဲ့တာတွေက
အထပ်ထပ်ဖြစ်နေပြီး ကိုယ့်ရှူးကိုယ်ပတ် ရောင်ပြန်ဟပ်လာတော့ မနည်းကြီးကို တောင်းတောင်းပန်ပန်နဲ့
အထုပ်ဖြေပြခဲ့ရတဲ့အခြေအနေ ကြုံတွေ့ခဲ့ရပါတယ်။
စစ်အစိုးရရဲ့ ဖောက်ပြန်တဲ့ စီးပွာရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး၊ မူဝါဒပေါ်လစီအသီးသီးရဲ့
အောက်မှာ တနေ့တခြား အကြပ်အတည်းပေါင်းစုံ ဆိုက်ခဲ့ရပြီး၊ ပြည်သူလူထုကြီးတရပ်လုံး အထွေထွေမကျေ
နပ်မှုပေါင်းစုံ တိုးတက်ဖြစ်ပေါ်နေရချိန်မှာ “ဖုန်းမော်အရေးအခင်းကြီး” စတင်ပေါ်ပေါက်လာခဲ့ပါတယ်။
၁၉၈၈ခုနှစ်၊ မတ်လ (၁၃) ရက်နေ့ညမှာ ဖြစ်ပါတယ်။
ရန်ကုန်စက်မှုတက္ကသိုလ်အနီး အနောက်ကြို့ကုန်းရပ်ကွက်ထဲရှိ “စန္ဒာဝင်းလဖက်ရည်ဆိုင်” ထဲမှာ
စက်မှုတက္ကသိုလ်ကျောင်းသား (၃) ဦးနဲ့ အရပ်သား (၄) ဦး ကက်ဆက်ခွေကိစ္စကို အကြောင်းပြုပြီး စကား
များရန်ဖြစ်ခဲ့ကြရာက ဇာတ်လမ်းစတင်ခဲ့တာဖြစ်ပါတယ်။
အရက်မူးနေတဲ့
အရပ်သားတွေက ကျောင်းသားတွေကို ဝိုင်းရိုက်လိုက်တဲ့အတွက် ကျောင်းသားတဦး
ခေါင်းကွဲသွားခဲ့ပါတယ်။ ကျောင်းသားနှစ်ဦးက ကောင်စီရုံးသွားတိုင်ပါတယ်။
အမှုဖွင့်ပါတယ်။
လဖက်ရည်ဆိုင်ရဲ့ သက်သေခံထွက်ဆိုချက်အရ ရဲက
ရန်ဖြစ်တဲ့ အရပ်သားတွေကို ဖမ်းတဲ့အခါ ညီညီလွင် ဆိုတဲ့
အရပ်သားလည်းပါလာပါတယ်။ ကောင်စီက ညီညီလွင် ကို မဖမ်းဖို့ပတ်သက်ရာ
ပတ်သက်ကြောင်းအရ တားပါတယ်။ ရဲကဖမ်းသွားပေမယ့် နောက်နေ့မှာ ညီညီလွင်ကို
လမ်းပေါ်မှာ ပြန်တွေ့ရတဲ့အတွက် ကျောင်းသားတွေက
ကောင်စီရုံးညစ်တယ်လို့မြင်ပြီး ဒါမတရားမလို့ သဘော
ထားပါတယ်။
ရန်ပွဲဖြစ်ခဲ့တာက (၁၂) ရက်နေ့မှာဖြစ်ပြီး (၁၃) ရက်နေ့ညမှာ ကျောင်းသားတွေက ရပ်ကွက်
ကောင်စီရုံးဆီ ထပ်မံသွားကြပါတယ်။ ကောင်စီဥက္ကဋ္ဌက ရိုးရိုးသားသား မဖြေရှင်းပဲ နောက်ဖေးပေါက်ကနေ
ထွက်ပြေးပါတယ်။ ရပ်ကွက်ကောင်စီရဲ့ လုပ်ဆောင်မှုဟာ မသမာတာ ထင်ရှားနေပြီလို့ယူဆတဲ့ ကျောင်းသား
တွေဟာ မကျေမနပ် ပိုဖြစ်လာကြပါတယ်။
ဒီကြားထဲမှာ
ညီညီလွင် ကိုသွားရှာကြရင်း မီးမှောင်ချထားတဲ့ရပ်ကွက်ထဲကအပြန်မှာ
ကျောင်းသားနှစ်ယောက် ဓားခုတ်ခံလိုက်ရတဲ့အတွက်
မကျေမနပ်ဖြစ်နေတဲ့ကျောင်းသားတွေက ရပ်ကွက် သမဝါယမဆိုင်ကို
မီးစတင်ရှို့လိုက်ကြပါတယ်။
တရားမျှတမှုမရှိတဲ့ မဆလဥပဒေနဲ့ ဥပဒေကြောင်းအရ မှန်မှန်ကန်ကန် ဖြေရှင်းမပေးနိုင်မှုရဲ့ ရလဒ်အဖြစ် ကျောင်းသားနဲ့ရပ်ကွက်
ထိပ်တိုက်ဖြစ်လာရတဲ့သဘောဖြစ်ပါတယ်။
ကျောင်းသားနဲ့ အရပ်သား ပဋိပက္ခပြင်းထန်လာချိန်မှာ စစ်အစိုးရရဲ့ လုံထိန်းတွေ ဝင်ရောက်လာခဲ့
ပါတယ်။ ကျောင်းသားတွေကို သေနတ်နဲ့ချိန်ပြီး ကျောင်းဝင်းတံတိုင်းနားအထိ ကပ်လာခဲ့ကြပါတယ်။ အပေါ်
ကနေ ဘယ်လိုအမိန့်မျိုးကို သယ်ဆောင်လာခဲ့ကြသလဲဆိုတာ မသိရပေမယ့် သေနတ်နဲ့ထိုးချိန်ပြီး ကျောင်း
ဝင်းနားအထိ ကပ်လာခဲ့တဲ့ လုံထိန်းတို့ရဲ့ လက်တွေ့ပြုမူဖော်ပြပုံကို ကျောင်းသားများက ကန့်ကွက်ကြပါ
တယ်။
ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် မခွဲခြားပဲ ပြဿနာကို မစုံစမ်းမလေ့လာပဲ လုံထိန်းရဲတွေရဲ့
သေနတ်နဲ့ ထိုးချိန်ပြီးဝင်လာတဲ့အပေါ် မကျေမနပ်နဲ့ ကန့်ကွက်ကြပါတယ်။ လုံထိန်းတွေက သေနတ်နဲ့ပစ်ပြီး
စစ်အာဏာရှင်စနစ်ရဲ့ သရုပ်မှန်ကို ဖော်ပြလိုက်ပါတယ်။
စက်မှုတက္ကသိုလ်ဝင်းအတွင်း
သေနတ်သံတွေပဲ့တင်ညံသွားရပါတယ်။ စက်မှုတက္ကသိုလ်ကျောင်းသား မောင်ဖုန်းမော်
စက်မှုတက္ကသိုလ်ကျောင်းဝင်းအတွင်းမှာပဲ သေနတ်ဒဏ်ရာ အချက်ပေါင်းများစွာနဲ့
ပွဲချင်းပြီးသေဆုံးသွားရပါတယ်။
(မောင်ဖုန်းမော်နဲ့အတူသေနတ်ထိမှန် ဒဏ်ရာရခဲ့တဲ့ မောင်စိုးနိုင်လည်း သိပ်ရက်မကွာမီမှာပဲ သေဆုံးသွားရပါတယ်။)
စစ်အစိုးရရဲ့လူမဆန်မှုကြောင့် ဖုန်းမော်အရေးအခင်းကြီး ဖြစ်ပေါ်လာရပါတယ်။
မှန်မှန်ကန်ကန်အေးအေးချမ်းချမ်း ဖြေရှင်းလို့ရနိုင်တဲ့ပြဿနာကို စစ်အစိုးရကိုယ်တိုင်က လက်နက်အားကိုး လက်လွတ်
စပယ်
အကြမ်းဖက်ယုတ်မာပြခဲ့တဲ့အတွက် ပေါ်ပေါက်လာခဲ့ရတာဖြစ်ပါတယ်။ဒီလိုမျိုး
မြန်မာပြည်မှာ လူ့အခွင့်အရေးကို ချိုးဖေါက်မှုတွေကြောင့် ဖြစ်ပေါ်လာရတဲ့
အဖြစ်ဆိုးမှုကို နောင်လာနောက်သားတွေ ဆင်ခြင်သတိရနေအောင်လို့
စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်ကျဆုံသွားရတဲ့ မတ်လ(၁၃)ရက်နေ့ကို
မြန်မာ့လူ့အခွင့်အရေးနေ့ အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။
ဝန်ခံချက်....ဤအဖြစ်အပျက် ဖြစ်ပေါ်ချိန်တွင် ကျွန်ုပ်သည် ၁၃နှစ်အရွယ်သာ ရှိပါသေးသည်။ ကိုဖုန်းမော်ကိုလည်း မမြင်ဖူးပါ။
ဤသမိုင်းကြောင်းကို ဝင်းတင့်ထွန်းရေးသားသော အမှောင်ထဲက မြန်မာပြည်စာအုပ်မှ
လိုရင်းတိုရှင်း ကောက်နှုတ်တင်ပြခြင်းဖြစ်ပါသည်။ ထိုစာအုပ်မှ
ဖေါ်ပြသောကြောင့် ကျွန်ုပ်သည် ကွန်မြူနစ်ဝါဒကို အားပေးခြင်းလည်း မဟုတ်ပါ။
၁၉၈၈ အရေးအခင်းပြီးမှ မွေးဖွားသော လူငယ်များ မြန်မာ့လူ့အခွင့်အရေးနေ့
ဖြစ်ပေါ်လာပုံအကျဉ်းကို သိရှိစေရန် ရည်ရွယ်ချက်ဖြင့်
ဖေါ်ပြခြင်းသက်သက်သာဖြစ်ပါသည်။
အေးနန္ဒာအောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်