သရက်အကျဉ်းထောင်၏ ထောင်ဗူးဝမှ စတင်ခဲ့သည်။
ကိုလိုနီစနစ် အားကောင်းချိန်ဖြစ်သော ၁၈၆၉ ကတည်းက စတင်တည်ဆောက်ခဲ့သည့် သရက်ထောင်ကြီး၏ ထောင်ဗူးဝကို မင်းကိုနိုင်ကျောခိုင်းလျှောက်လာပုံက
ဂုတ်သွေးစုပ်သော အဓမ္မစနစ်ဖြစ်များသည့် ကိုလိုနီစနစ်၊ ဖက်ဆစ်စနစ်တို့ကို ကျောခိုင်းလျှောက်လာသည့်နှယ်။
ကျနော် တွေးကြည့်မိ၏။....
ထို ကိုလိုနီခေတ်ဦးက အစပြုသော ထောင်ကြီးတွင် ကိုလိုနီခေတ်တလျှောက်၊ ဖက်ဆစ်ခေတ်တလျောက်
အပြစ်မဲ့ပြည်သူတွေ၊ ကျနော်တို့ တိုင်းပြည်၏ အနာဂတ်တွေ အဘယ့်မျှ အချုပ်နှောင်၊ အနှိပ်စက်၊ အဖျက်ဆီး ခံခဲ့ကြရမည်နည်း။
ထိုနေရာအား ကျောခိုင်းလျောက်လာသည့် မင်းကိုနိုင်၏ ခြေလှမ်းများမှာ
ယင်းမတရားမှုတို့ နောက်ထပ်လုံးဝမဖြစ်ပွားတော့အောင် ပိတ်သိမ်းလိုက်သည့်သဖွယ် ဖြစ်ပါစေတော့ဟု ကျနော် ဆုတောင်းနေမိသည်။
ထောင်မှ ထွက်လာလာချင်းဖြစ်သော်လည်း မင်းကိုနိုင်၏ အသွင်က အားမာန်ပြည့်ဝ လန်းဆန်းလျက်။
တင်းတင်းမတ်မတ်လျောက်လာသော သူ့ခြေလှမ်းများတွင် မြန်မာပြည်၏ ထွန်းတောက်တော့မည့် အနာဂတ်ပါလာ၏။
သူ့ခြေလှမ်းများ၏ ပြင်းပြမှုနှင့်အားမာန်ကြောင့် သတ္တိသွေးများ နိုးထလာသည့်သဖွယ် ခံစားရပါသည်။
နံနက်ခင်း၏ ထွန်းသစ်စ နေခြည်အလင်းနှင့်အတူ သူ လျှောက်လှမ်း၍လာသည်။
တကယ်တော့ သူကိုယ်နှိုက်ကိုက နေရောင်ခြည်ဖြစ်ပါသည်။
ကျနော်တို့အတွက် အလင်းဖြစ်ပါသည်။
ပင်နီအင်္ကျီကို ၀တ်လျက် ခြေလှမ်းတို့ကို လေးနက်မှန်ကန်စွာလှမ်းလျက်
နံဘေးတွင် အကျဉ်းထောင်အရာရှိများ ခြံရံကာ သူလျှောက်လှမ်းထွက်လာပုံက
ကြွားကြွားဝံ့ဝံ့ရှိလွန်းလှပါချေသည်။
ထောင်မှ လွတ်လွတ်ချင်းပင် သူ ဆွဲထားသော ပန်းချီပုံများကို လူထုအား ပြ၏။
အမေစုပုံတွေ့ရသည်။ သူလွတ်မြောက်ရန်ဆုတောင်းကြသောပွဲမှ ငှက်လွှတ်ပုံအား တွေ့လိုက်သည်။
ထွက်လာချင်း ပန်းချီတည်းဟူသော အနုပညာတစ်ရပ်ကို ဖော်ထုတ်ပြသလိုက်ခြင်းဖြင့်
သူ၏ နူးညံ့သော နှလုံးသားကိုလှပ်ကနဲ တစ်ချက် တွေ့လိုက်မိပါသည်။
ပြီးတော့ တစ်ဆက်တည်း သူ၏ ဘုရားဖူးခြင်းနှင့် လူထုကြားသို့ ခရီးစဉ် စတင်ပါလေတော့သည်။
ဘုရားပေါ်မှာ သူလှူသည့်အခါ မှတ်မှတ်ရရ ဘယ်လောက်လှူသနည်းဟု သတိထားကြည့်လိုက်မိ၏။
ငွေကျပ် ၁၅၀၀ လှူသည်ကို တွေ့လိုက်သည်။
မြန်မာပြည်သူလူထုအပေါ် သူ့ချစ်ခြင်းမေတ္တာကို ပြသနေသည်လား။
သူ့ခမျာ နာမည်ကျော် ခေါင်းဆောင်ကြီးပေမဲ့ ငွေလေး ၁၅၀၀ သာလှူနိုင်ပါသည်။
ခြင်းကြီးတွေနှင့် ပစ္စည်းတွေထည့်ပြီးလည်း မလှူနိုင်၊ ကားတွေ၊
တိုက်တွေလည်းမလှူနိုင်။ သူခမျာ ကိုယ်ပိုင်ငွေစစ်စစ်ကိုသာ လှူရရှာပေသည်ကိုး။
လမ်းတလျာက်တွင် သူ့အား ကြိုဆိုကြသော ပြည်သူများကား သည်းသည်းမဲမဲ။
လက်ခုပ်သံတဖျောင်းဖျောင်း၊ အပြုံးနှင့် ရယ်သံတို့ ထောင်းလမောင်းကြားမှ သူကား မနွမ်းမရိ ဆက်လျောက်လာနေဆဲ။
ရန်ကုန်သို့ ... မိဘရင်ခွင်သို့ ... လွတ်လပ်လင်းပွင့်မှုများသို့ ...
ကျနော်အင်မတန်ကြိုက်သော မင်ဒဲလား၏ စာအုပ်တစ်အုပ်ကို ဖျပ်ကနဲသတိရလိုက်မိသည်။
Long Walk to Freedom လွတ်လပ်ခြင်းသို့ ခရီးရှည်တဲ့။
ုမင်းကိုနိုင်၏ ယခု ခရီးကလည်း ထိုနာမည်နှင့် လိုက်ဖက်နေသည့်ပမာ ခံစားရသည်။
သရက်မြို့တွင် မြို့ခံ အဘွားအိုတစ်ဦးက မလိုင်ထုတ်လေး လိုက်ပေးပြီး အပြေးပွေ့ဖက်သော မြင်ကွင်းကို တွေ့ရသည့်အခါ
ကျနော့်စိတ်ထဲ ကြည်နူးခြင်းနှင့် ကြေကွဲခြင်းနှစ်ရပ်လုံးအား တစ်ပြိုင်တည်း ခံစားလိုက်မိသည်။
သနပ်ခါးမပြယ့်တပြယ် အဘွားအို၏ မျက်နှာတွင် လောကဓံနှင့် ဇရာ၏ အရေးအကြောင်းများက အထင်းသား။
သူ့အား ဘယ်သူမှ တိုက်တွန်းခြင်းလည်းမပြု၊ ဒီလိုလုပ်လို့ ဘယ်လိုအကျိုးအမြတ်မှ ရမည်လည်း မဟုတ်ပါပဲနှင့်
မင်းကိုနိုင်အပေါ်ထားသော သူ့ရင်တွင်းစေတနာကို ရဲရဲဝံ့ဝံ့ပြရှာပေသည်။
တကယ်တော့ မင်းကိုနိုင်အား သူပေးလိုက်သည်မှာ မလိုင်ထုတ်ကလေးမျှ မကပါ။
ပြည်သူအားလုံးကို ကိုယ်စားပြုသော ကိုးစား ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာများပင်ဖြစ်ပါသည်။
သရက်မှာ ဘုရားဖူးပြီးသောအခါ ဇက်ဆိပ်ကို သူဆင်း၏။ ပဲ့ထောင်ဖြင့် အောင်လံသို့ ကူးရန်ပြင်သည်။
ကမ်းနဖူးတွင် နှုတ်ဆက်ကြသူတို့က အပြည့်။ သူတို့လက်ပြနေသည်မှာ ရင်မှဖြစ်သော သားချင်းတစ်ယောက်အား နှုတက်ဆက်နေသည့်နှယ်။
၁၂နာရီခန့်တွင် အောင်လံဘက်သို့ ရောက်ကြ၏။
အဝေးကပင် ကမ်းနဖူးအပြည့် ဖွေးဖွေးလှုပ်နေသော သူများကို မြင်နိုင်ပါသည်။
မင်းကိုနိုင် အောင်လံမြို့ ဆိပ်ကမ်းဆီ ခြေချလိုက်မိသည်နှင့် လူတွေအားလုံး
ဝေါကနဲဖြစ်သွားသည်ထင်၏။
သူတို့၏ မျှော်လင့်ချက်၊ သူတို့၏ အလင်းရောင်၊ သူတို့အတွက် နေတစ်စင်း ဆိုက်ရောက်လာချေပြီ။
အောက်ခံတွင်ခေတ္တနားကာ ရပ်မိရပ်ဖများနှင့်ေ တွ့ဆုံ၏။ ညနေဘက်မှာ အောင်လံကထွက်၍ ပြည်သို့ ခရီးနှင်သည်။
ပြည်တော်ဝင် မင်းကိုနိုင်ဟုဆိုရမည်လား။
ပြည်မြို့အ၀င်တွင် NLD အဖွဲ့ဝင်များ၊ ကျောင်းသားများ၊ ပြည်သူအများ လာရောက်ကြိုဆိုနေကြ၏။
တကယ့်ကို များပြားလှသော လူအုပ်ကြီးပါပေ။ မင်းကိုနိုင်လာရာလမ်းတလျှောက်ကို လက်ခုပ်သံများခင်းထားသည့်နှယ် ထင်မြင်ရ၏။
လက်တွေပေါက်ပြဲသွားမတတ်၊ နှလုံးသားတွေ ပွင့်ထွက်သွားမတတ်လှိုက်လှဲစွာ
ဆီးကြိုနေကြသော လက်ခုတ်သံတဖျောင်းဖျောင်းကို လမ်းတလျောက်ကြားရလေသည်။
ပြည်သူလူထု၏ တောင်းဆိုမှုဖြင့် ပြည်မြို့ကို တစ်ပတ်ပတ်ကာ လူထုကြီးအား
မင်းကိုနိုင် ဂါရ၀ပြု၏။ ပြည်မြို့ရှိ ရွှေပေါက်ပင်ဘုန်းကြီးကျောင်းတွင် ကိုကျော်သူနှင့် တွေ့သည်။
နောက်နေ့နံနက် ပြည်မြို့မှ ပြန်လည်ထွက်ခွာလာသောအခါ လမ်းတလျောက်ရှိ
ရွှေတောင်၊ ပေါင်းတည်၊ နတ်တလင်း၊ ကြို့ပင်ကောက်၊ လက်ပံတန်း၊ ဇီးကုန်း၊
သာယာဝတီ၊ မင်းလှ၊ သုံးဆယ်၊ တိုက်ကြီး၊ မှော်ဘီမြို့များတွင်
ခေတ္တစီရပ်နားပြီး မျှော်လင့်တကြီးစောင့်မျှော်နေကြသည့်
ပြည်သူများအား မင်းကိုနိုင်မှ နှုတ်ဆက်စကားပြောကြား၏။
ကြို့ပင်ကောက်မှာ မင်းကိုနိုင်နှင့်အဖွဲ့ ထမင်းစားကြသောအခါ ဝေေ၀ဆာ ထမင်းဆိုင်မှ အခမဲ့ ဧည့်ခံကျွေးမွေးခဲ့သည်။
ပြည်သူများအား မင်းကိုနိုင်က ထောင်ထဲမှာ သူဆိုလေ့ရှိသော ဒို့ကျောင်းသားသီချင်းကို သီဆိုပြ၏။
တစ်ချို့က မင်းကိုနိုင်ပြန်ရောက်လာ၍ အားတက် ၀မ်းသာ တစ်ချို့လည်း မင်းကိုနိုင် ဖြတ်သန်းခဲ့ရသော ခရီးကြမ်းကို တွေးမိတာ စာနာဝမ်းနည်း။
နှလုံးသားခံစားချက်များ ပေါက်ကွဲ ပွင့်အံကုန်သည့်အခါသမယပင်တည်း။
လက်ပံတန်းတွင် မင်းကိုနိုင် တရားဟောသည်ကို မြင်သည့်အခါ ငယ်ငယ်တုန်းက စွဲနေမိသော စာတစ်ပုဒ်ကိုသွားသတိရ၏။
လက်ပံတန်းဦးဘတင်အကြောင်း။ ဖက်ဆစ်တို့ နှိပ်စက်မှုကြောင့် အစပျောက်ခဲ့ရရှာသော ဘ၀တစ်ခု။
အစဉ်အလာရှိခဲ့သောမြို့တွင် အတိတ်ဆိုးအမွေများအား ဖျက်ဖျောက် အကောင်းဘက်ရောက်ရန် မင်းကိုနိုင် ရောက်ခဲ့ချေပြီ။
မှော်ဘီမှာ ဟောသောတရားက အားပါလှသည်။
`သေချာတာတစ်ခုကတော့ ကျနော်တို့အလကားရခဲ့တာမဟုတ်ဘူး´ တဲ့။
ဇန်န၀ါရီလ ၁၄ရက်နေ့၏ ည ၈နာရီကျော်တွင်တော့ မြောက်ဥက္ကလာ ကန်သာယာလမ်းဆုံသို့ မင်းကိုနိုင် ရောက်ရှိခဲ့ပါလေတော့သည်။
ထောင်နှင့်ချီသော စောင့်ဆိုင်းနေသူတို့အလည် မင်းကိုနိုင် ဖြတ်သန်းလာသည်ကား လူထု၏ အားမာန်များအား လှုပ်နှိုး အသက်သွင်းပေးနေသည့်နှယ်။
မယ်လမုဘုရားနားမှာ ကြိုဆိုကြရာ၌ အိုးစည်တွေ ဒိုးပတ်တွေလည်း ပါ၏။ မြန်မာ့ခေါင်းဆောင်တစ်ယောက်၏ အိမ်အပြန်ခရီးပေကိုး။
သူ့ခမျာ မိဘရင်ခွင်သို့ ည၉နာရီကျော်မှ ပြန်ရောက်ရပါလေတော့သည်။
နှစ်ရက်တိတိ အပြင်းနှင်ရသော ခရီးဖြစ်သော်လည်း ပြည်သူတွေအဖို့တော့ တစ်သက်စာ စွဲထင်နေမည့်ခေါင်းဆောင်တစ်ယောက် လျှောက်သွားခဲ့သော လမ်းပင်တည်း။
ပြည်သူလူထုဟာ ကျနော်အတွက် ဒုတိယမိဘများပါပဲဟူသော ရင်မှပွင့်ထွက်လာသည့်စကားသံတို့နှင့်အတူ မင်းကိုနိုင်၏ ခရီးစဉ်ကို လှပစွာ အဆုံးသတ်ခဲ့ပါသည်။
လမ်းတလျောက် တွေ့ကြုံရသူများအတွက် အားတက်ဖွယ် ခရီးစဉ်တစ်ခုဖြစ်ခဲ့သလို တစ်ဆင့်ကြား သိမြင်ရသူများပင် မာန်ဟုန်ဝင်ရသော ခရီးထူးပင်တည်း
ကျနော်ကတော့ သူ့ခရီးစဉ်ကို ဒီမိုကရေစီ ဖဲကြိုးဖြတ်ခရီးစဉ်ဟု နာမည်တပ်လိုပါသည်။
ရုပ်လုံးပေါ်စပြုပြီဖြစ်သော ဒီမိုကရေစီ လမ်းမအား သူကား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးလိုက်လေပြီ။
ပြီးတော့ သူကိုယ်တိုင် ထိုလမ်းပေါ် စတင်လျှောက်လှမ်းပြ၏။
လမ်းက မပီ့တပီ ဖြစ်ကောင်းဖြစ်နေပါဦးမည်။ တစ်ချို့နေရာတွင် ချိုင့်ခွက်တွေ ဗရပွနှင့် အမြင်မလှသည်လည်း ကျန်ကောင်းကျန်ပေမည်။
သို့သော် လမ်းကတော့ဖြစ်နေပါပြီ။ ရှေးရှုဦးတည်ရာလည်း ရှိနေပြီ။
ကောင်းသထက်ကောင်းအောင် ၊ ပီပြင်ဖြောင့်တန်းသော လမ်းမကြီးဖြစ်အောင် ကျနော်တို့အားလုံး လျှောက်ရင်းသားက တည်ဆောက်သွားကြရပေတော့မည်။
သွန်းနေစိုး Thorn Nay Soe
No comments:
Post a Comment
လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်