၂၀၁၀ ခုနှစ် ဧပြီလတွင်းပူပြင်းလှသောရာသီဥတုဒဏ်ကြောင့် သောက်သုံးရေ ရှားပါးမှုများ မြန်မာပြည်အနှံ အများပြည်သူတို့ ခံစားခဲ့ကြရ၍ ပြည်တွင်း/ပမှ ပြည်သူလူထုတို့သည် လူသားချင်းစာနာစိတ်မွေးဖွားပေါ်ပေါက်လာကာဒုက္ခသည်များနေထိုင်ရာအရပ်ဒေသများသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တဆင့်ရေတွင်း၊ ရေကန်၊ အ၀ီစိတွင်းများ တူးဖော်နိုင်ရန်အတွက် အလှူငွေများ လှူဒါန်းခဲ့ကြသည်။ ထိုသို့ ရေဒုက္ခသည် အရပ်ဒေသများသို့ ရေတူးဖော်မှု၊ အုတ်ကန် တည်ဆောက်ပေးမှု၊ ရေစုပ်စက်များ လှူဒါန်းမှုတို့ကိုယခု ၂၀၁၁ ခုနှစ် ဧပြီလအထိလုပ်ဆောင် လှူဒါန်းပေးနေရဆဲ ဖြစ်သည်။
၁၄.၁၂.၂၀၁၀ ရက်နေ့တွင် မြန်မာပြည်၏ လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ မွေးဖွားရာဇာတိဖြစ်သောမကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် ရေတူးဖော်မှု၊ အုတ်ရေကန် တည်ဆောက်ပေးမှုများကိုစတင်အကောင်အထည်ဖော် လုပ်ဆောင်ပေးခဲ့သည်။ နတ်မောက် ဒေသတွင် အများပြည်သူတို့သည် ယခင်ကရေသုံးစွဲမှုအတွက် လက်ယက်တွင်းများနှင့် ပူပြင်းလှသောသဲချောင်းအတွင်းမှ ခတ်ယူသုံးစွဲခဲ့ကြရသည်။ နတ်မောက်မြို့နယ် ဇာတိဖြစ်သော ဦးနိုင်ဝင်း၊ ဦးစိုးလှိုင်တို့၏ ကမ်းလှမ်းချက်ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ပြည်မြို့ရှိ မိုးမေတ္တာပရဟိတလူငယ်အဖွဲ့မှ ကိုညီညီအောင်ဦးစီး၍ သွားရောက်လေ့လာကာတူးဖော်မှုလုပ်ငန်းများကိုလုပ်ကိုင်စေခဲ့သည်။ မိုးမေတ္တာပရဟိတလူငယ်အဖွဲ့သည် ပြည်မြို့၊ ရွှေတောင်မြို့နယ်၊ ပေါက်ခေါင်းမြို့တို့တွင် ရေတူးဖော်မှုလုပ်ငန်းများအားနာရေးကူညီမှု အသင်း(ရန်ကုန်)နှင့် ပူးပေါင်း၍ ကူညီမှုများပေးဆပ်ခဲ့သောလူငယ်လူမှုရေးသမားနှင့် ဖွဲ့စည်းထားသောအဖွဲ့ဖြစ်သည်။ နတ်မောက်မြို့နယ်တွင် လင်းကတိုးရွာ အိမ်ခြေ (၃၈၀)၊ ဂွေးချိုရွာ အိမ်ခြေ (၃၀၀) ကျော်၊ ထနောင်းလှရွာ အိမ်ခြေ (၂၀၀) ကျော်၊ ကျောက်ပုံရွာ အိမ်ခြေ (၂၆၀) ကျော်တို့ သောက်သုံးရေ ရရှိရန်အတွက် အ၀ီစိတွင်းများ၊ အုတ်ရေကန်များ၊ ရေစုပ်စက်များအား လှူဒါန်းအကောင်အထည်ဖော်ပေးပြီးဖြစ်ပါသည်။ ယင်းလှူဒါန်းပွဲအား ၂၀.၃.၂၀၁၁ တွင် မြို့နယ်သံဃာတော်/ဆရာတော်များနှင့် ဒေသခံရွာသူ/သားများရှေ့တွင် ရေစက်သွန်းချ လှူဒါန်းအပ်နှံပွဲကျင်းပခဲ့ပါသည်။ ကုန်ကျငွေစုစုပေါင်း (၁၁၃) သိန်းကျပ်အား “အများပြည်သူအတွက် အများပြည်သူကောင်းမှု့ နာရေးကူညီမှုအသင်း(ရန်ကုန်)”ဟူ၍ ကဗ္ဗည်းတင်ထားရှိခဲ့သည်။ထို့ပြင် နတ်မောက်မြို့နယ် ဂွေးချိုကျေးရွာ(ပင်း)ရှိ အများပြည်သူမျိုးဆက်သစ် လူငယ်တို့အတွက် ဖွင့်လှစ်ထားသော “တက်နေ၀န်း” စာကြည့်တိုက်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ “သုခအလင်း” စာကြည့်တိုက်မှ စာအုပ်စာပေ၊ စာစောင်များကိုလည်း လှူဒါန်းပေးခဲ့ပြီး ဖြစ်သည်။ ဆက်လက်၍ နတ်မောက်မြို့နယ်အတွင်းရှိ တောင်ဦးကျေးရွာ အိမ်ခြေ (၄၀၀) ကျော်၊ ကျောင်းကုန်းကျေးရွာ အိမ်ခြေ (၁၂၀) ကျော်တို့တွင် ရေတူးဖော်မှုအလှူဒါနအားဆောင်ရွက် လျှက်ရှိသည်။
ထိုကဲ့သို့ ရေလှူဒါန်းမှုများ ပြုလုပ်ခြင်းသည် မြန်မာပြည်သူလူထုတို့အတွက် လွတ်လပ်ရေးကိုစွမ်းဆောင်ပေးခဲ့သော မြန်မာပြည်သူလူထုတို့၏ ကျေးဇူးရှင် ဗိုလ်ချုပ် အောင်ဆန်း၏ ကျေးဇူးတရားများအားမိမိတို့ တတ်နိုင်သည့်ဘက်မှ မိမိတို့ စွမ်းဆောင်နိုင် သလောက် ပြန်လည်၍ ကျေးဇူးဆပ်ခြင်းပင်ဖြစ်သည်။ တနည်းအားဖြင့် ဗိုလ်ချုပ်၏ကျေးဇူးအားအများပြည်သူ (ပြည်တွင်း/ပ)မှ ကောင်းမှု(သို့)ကျေးဇူးဆပ်ခြင်း၊ ပေးဆပ်ခြင်းပင် ဖြစ်တော့သည်။
No comments:
Post a Comment
လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်