ပြက္ခဒိန်ကို ကြည့်ပြီး အချိန်တွေက အကုန်မြန်လိုက်တာဟု ခဏခဏ ငြီးတွားနေမိသည် ၊ အသက်ကြီးလာတာကို မေ့နေတာလား ။ဒါမှမဟုတ် မေ့ချင်ယောင်ဆောင်ထားမိပြီလား ကိုယ့်ကိုကိုယ် သတိမထားမိပါ ။မိမိဘ၀တစ်ကွေ့မှာ ခဏတွေ့ဆုံခဲ့ရတဲ့အဖြစ်များကတော့ ရုပ်ရှင်ကားမှ အနှေးရိုက်ကွက်များလို မှုန်မှုန်ဝါးဝါး ထင်ထင်ရှားရှား မြင်ယောင်နေမိသည် ။
မြန်မာပြည်ကခွဲခွာလာစဉ်ကလည်း သိပ်မကြာလှဟုထင်မြင်ယူဆမိပြီး မိဘဆွေမျိုးများအပါအ၀င် ဘယ်သူ့ကိုမှ နှုတ်မဆက်ခဲ့ပါ ။ အထူးသဖြင့် လျှို့ဝှက်တောခိုရမှာဆိုတော့ နှုတ်ဆက်ဖို့ရာ ဘယ်လိုမှ အခွင့်မသာ ဖြစ်ခဲ့ရတယ် ။
မိမိနဲ့အတူ မြန်မာပြည် တော်လှန်ရေး နိုင်ငံရေး လှုပ်ရှားမှုတွင် အတူတူ ငတ်တလှည့် ပြတ်တလှည့် လှုပ်ရှားခဲ့သူများ ၊ ထောင်ကျဖော် ကျဖက်များ ၊စိတ်တူကိုယ်တူ လှုပ်ရှားခဲ့သူများကို အကြောင်းအမျိုးမျိုးကြောင့် ခွဲခွာရချိန်တွင် တချိန်ချိန်တွင်ပြန်လည်ဆုံတွေ့ရလိမ့်မည်ဟု မျှော်လင့်ခဲ့မိသည် ။
သို့သော်ကွယ်လွန်ကျဆုံး သူများနှင့် ဘယ်သောအခါမှ ပြန်လည်ဆုံတွေ့နိုင်တော့မည် မဟုတ်ကြောင်းတွေးမိလေ အသည်းနာလေ ခံစားမိသည် ။
ဆက်လက်ဖတ်ရှူရန်...အခုတလော တိုင်းပြည်နဲ့လူမျိုးအတွက် အသက်နဲ့ဘ၀ကို စတေးခဲ့ကြတဲ့ ဆရာသမားများ ၊ရဲဘော်ရဲဖက်များ ၊ သူငယ်ချင်းများ ၊ဆွေမျိုးသားချင်းများ တစ်ယောက်ပြီးတစ်ယောက် လောကအလယ်မှ ပျောက်ကွယ်သွားတာကို ခဏခဏကြုံတွေ့နေရသည်။
နွေမှာ သစ်ရွက်တွေကြွေတာ သဘာဝ ဆိုပေမဲ့ အချိန်မတန်ခင် ကြွေခဲ့ရတဲ့သစ်ရွက်တွေအတွက် ဆိုတဲ့ ကဗျာတပိုင်းတစကို စိတ်ထဲမှာ အကြိမ်ကြိမ် ရွတ်ဆိုနေမိသည် ။
အမိမြန်မာပြည်ကြီးက အိမ်ပေါ်ကအကြောင်းအမျိုးကြောင့် ပျောက်ကွယ်သွားကြသော သားသမီးများကို သတိယနေသလိုမျိုး ကျနော်လဲဆရာသမားများ ၊ရဲဘော်ရဲဖက်များ ၊ သူငယ်ချင်းများ ၊ဆွေမျိုးသားချင်းများ ကို တိုက်ဆိုင်မှုရှိတိုင်းလွမ်းဆွတ်နေတတ်သည် ။
အခုလဲ ရဲဘော်ရဲဖက် ၊သူငယ်ချင်း ညီငယ် ကိုငွေစိုး အဆုပ်ရောဂါနဲ့ ကွန်လွန်ကြောင်းကြားသိရ၍ မိသားစုနှင့်အတူ ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲနေမိပါသည် ။
ကိုငွေစိုး( ကွယ်လွန်)ဆိုတာ ကျနော့်ညီငယ် တစ်ယောက်လို ချစ်ခင်လေးစားရသူဖြစ်ပြီး တော်လှန်ရေး နိုင်ငံရေးကို ကျရာတာဝန်မှ ကျေပြွန်စွာ ဆောင်ရွက်လှုပ်ရှားသူဖြစ်သည် ။ သူဟာအမြဲလိုလို ပြုံးနေတတ်ပြီး သူ့အသက်ထက်ကြီးသူမှန်သမျှ အကို အမလို့ ညီအကို မောင်နှမရင်းပမာ ဆက်ဆံတတ်သူပါ ။၁၉၈၈ စက်တင်ဘာလ ( ၁၈ ) ရက်နေ့စစ်အာဏာရှင် မြန်မာစစ်တပ်က အာဏာသိမ်းတော့ ထိုင်း မြန်မာနယ်စပ်ရနောင်းမြို့သို့ ကျောင်းသားထောင်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်ပြီး လက်နက်ကိုင်တော်လှန်ရေးလုပ်ရန် အဆက်အသွယ်ရှာခဲ့ကြသည် ။အဲဒီမှာ ကိုငွေစိုး ၊ သူ့ညီ ကိုနေစိုး ၊ ကိုလင်းအောင် ၊ကိုဝင်းမြင့်( ကွယ်လွန်) တို့အုပ်စုနဲ့၁၉၈၈ ၀န်းကျင်တွင် စတင်သိရှိခဲ့သည် ၊ သူတို့အုပ်စုက မှို့တောင်စခန်းကို လက်နက်ကိုင် တော်လှန်ရေးလုပ်ဖို့သွားပြီး ကျနော်က ဒညတ ( ချုံဖွန်စခန်း ) သို့တောခိုခဲ့သည်။ဒီလိုနဲ့ကိုငွေစိုးနဲ့ကျနော် မတွေ့ဖြစ်တော့ဘူး ၊ ဒါပေမဲ့ ကံကြမ္မာအလှည့်အပြောင်းကြောင့် ၁၉၉၁ ၀န်းကျင်မှာသူနဲ့ဘန်ကောက်မှာ ထပ်ဆုံဖြစ်တယ် ၊ဒီတခါဆုံတာကတော့ ( ၁ )နှစ်ကျော်နီးပါး မျှ ဘန်ကောက်ရဲ့ နိုင်ငံရေးထောင် Special Detention Centre ( SDC ) ထဲမှာပါ ။အကြောင်းအရင်းက အဲဒီအချိန်တုန်းမှာ ထိုင်းအစိုးရက ဖမ်းဆီးခံမြန်မာကျောင်းသားတွေကို မြန်မာစစ်အာဏာရှင်တွေလက်ထဲ ရက်ရက်စက်စက်ဖမ်းဆီးပြန်ပို့ခဲ့ကြတယ်။
ကျနော်ရဲ့သူငယ်ချင်းရဲဋေးလဲ န၀တ လက်ထဲ ဖမ်းဆီးပြန်ပို့ခံရတဲ့အထဲမှာ ပါခဲ့တယ် ။
အဲဒီကိစ္စနဲ့ပတ်သတ်ပြီး ဖမ်းဆီးခံမြန်မာကျောင်းသားတွေကို ထိုင်းအစိုးရက မြန်မာစစ်အာဏာရှင် ( န၀တ) လက်ထဲ လွှဲပြောင်းမပေးဖို့ Bangkok Immigration Detention Centre( IDC )ရှေ့မှာ မြန်မာကျောင်းသား ( ၃၈ ) ယောက်ဆန္ဒပြကြတော့ ကျနော်လဲ ကိုငွေစိုး ၊ ကိုညီညီအောင် တို့နဲ့အတူ SDC မှာအတူ အချုပ်ခံခဲ့ရတယ် ၊
ဟိုတလောကပဲ ဒီမိုကရေစီရေးမှာ တက်ကြွတဲ့ကိုညီညီအောင်ကတော့ စစ်အာဏာရှင်တွေ လက်ထဲက လွတ်မြောက်လာခဲ့ပေမဲ့ ဆေးကုသမှုခံယူနေရတယ် ။
ဧပြီလ ၂၀၁၀ မှာ ကိုငွေစိုးကတော့ သူချစ်တဲ့ အမိမြန်မာပြည်နဲ့လောကကြီးကို ကျောခိုင်းသွားခဲ့ပြီ ။
ရဲဋေး( ညီနိုင် )လဲ မြန်မာပြည်မှာ ထောင်နှစ်ရှည်ကျခဲ့တယ်လို့ ကြားသိရတယ် ။
ရဲဋေးနဲ့ကျနော်က ပုသိမ်တမြို့ထဲသား ဖြစ်ယုံမက ဘွဲ့ရပြီးတော့ ၁၉၈၈ မြန်မာပြည်ဒီမိုကရေစီ အရေးတော်ပုံကာလက ချောင်းသာကမ်းခြေအနီး သဇင်တွဲဖက် အထကမှာ တွဲဖက်အထက်တန်းပြဆရာအဖြစ်အတူတူတာဝန်ထမ်းခဲ့ဘူးတယ် ။ ထူးအိမ်သင်( ကွယ်လွန် )ရဲ့ သီချင်းဖြစ်တဲ့ ခေါင်းလောင်းကြီးလဲအိပ်ပျော်နေဆဲ စာသင်ခုံတွေလဲ ဖရိုဖရဲ ပိုးစားချကိုက်နေ ၊ ဆင်းရဲလွန်းတဲ့ဘ၀တွေ တကယ်ပဲ နုံချာကာနေတယ် ကွက်လပ်ဖြည့်လိုက်ပေါ့ ဆရာသူငယ်ချင်းရယ် ဆိုတဲ့စာသားက နှလုံးသားကို လာထိမှန်ပြီး ကျေးလက်တောရွာမှာ ကျောင်းဆရာ သွားလုပ်ဖြစ်ခဲ့တယ် ၊
ထူးအိမ်သင်ကလည်းကျနော်လိုပဲ ပုသိမ်သားတ၀က်ဆိုတော့ ဒေသစွဲကြောင့်များလားတော့ မသိ ၊ သူ့သီချင်းတွေက ရင်ကို ထိချက်ပြင်းခဲ့တယ် ၊ ကျနော်မော်လမြိုင်ဖက်က တဆင့် တခြားကျေုာင်းသား ( ၁၀၇ ) ယောက်နဲ့ ထိုင်းမြန်မာနယ်စပ်ကို တောခိုတော့ ထူးအိမ်သင်က ကျနော်တို့စီးတဲ့ သဘောင်္ပေါ်တက်လာပြီး အားလုံးကိုလာနှုတ်ဆက်တယ် ။ အဲဒါဟာ သူ့ရဲ့ နောက်ဆုံး နှုတ်ဆက်ခြင်းဖြစ်မယ်ဆိုတာ ကြိုသိခဲ့ရင် ကျနော် သူ့ကိုစကားတွေ အများကြီးပြောဖြစ်ခဲ့လိမ့်မယ်..ခုတော့.....
ကျနော့်အဖေကအဲဒီအချိန် ပုသိမ်တိုင်းလူဝင်မှု ကြီးကြပ်ရေးမှာ ဒုလက်ထောက်တိုင်းမှူး ( လ၀က) ဆိုတော့ လ၀ကမှာ အလုပ်ဝင်ဖို့အားလုံးပြင်ဆင်ပေးတာကို ငြင်းဆန်ပြီး ထူးအိမ်သင်ရဲ့ ခေတ်နဲ့ရင်ခုန်သံခြင်းတူတဲ့ သီချင်းရဲ့တွန်းပို့မှုကြောင့် ကျေးလက်ကိုဆင်းခဲ့တယ် ၊ကျနော် အန်ကယ် ဦးမောင်မောင်အေး ( ကွယ်လွန်) ( ညွှန်ကြားရေးမှုး၊ စက်မှု ၁ ) ကလည်း အင်းစိန်သံမဏိစက်ရုံမှာ ကြိုက်တဲ့အချိန် အလုပ်လာဝင်ပါလို့ရန်ကုန်သူ့ရုံးခန်းမှာတွေ့စဉ်ပြောခဲ့တယ် ၊ သူ့ကမ်းလှမ်းချက်ကို ငြင်းဆန်ပြီး တောခိုသွားတဲ့ တူတော်မောင်ရဲ့ ခံခားချက်ကို ကွယ်လွန်သွားတဲ့ အန်ကယ် တမလွန်မှနားလည်ခွင့်လွှတ်ပါ ။
ကျနော်ဘ၀မှာ မမေ့နိုင်ပဲ တသသ စွဲကျန်နေသေးတဲ့ အရိပ်တစ်ခုကတော့ ဧည့်သည်ကြီး ကဗျာရှင် ဆရာ တင်မိုး( ကွယ်လွန်)ဖြစ်ပါသည် ။ ဆရာဟာ ကဗျာရေးနေရရင် ကဗျာရွတ်နေရရင် ပျော်ရွှင်အားရ ကျေနပ်ဝမ်းသာနေတတ်တဲ့လူမျိုးဖြစ်သည် ။ ဆရာ အောတာဝါ ၊ကနေဒါ စာပေဟောပြောပွဲလာတော့ စာပေဟောပြောပွဲမှာ မြန်မာစာပေအကြောင်းဟောပြောတယ် ၊ ဆရာက ကျနော် အန်ကယ် ဦးသိုက်ထွန်း ( ကွယ်လွန် )( ညွှန်ကြားရေးမှုး၊ ပညာရေးဝန်ကြီးဠာန )နဲ့မြန်မာပြည်မှာ သိပ်ရင်းနှီးတယ်ပြောတယ် ၊ ကျနော် အန်ကယ်ကလည်း စာပေသမားဆိုတော့ ကဗျာတွေ ဆောင်းပါးတွေရေးတယ် ၊ ဒါပေမဲ့ ဆရာတင်မိုးက ကျနော်အန်ကယ်ကို သိပ်အားမရဘူး ပြောတယ်၊ ဘာကြောင့်လဲဆိုတော့ မဆလ လက်ထက်က စာပေ မူတွေ ဘောင်တွေ ဆင်ဆာတွေထဲကနေ ကျနော်အန်ကယ်က မငြိစွန်းအောင် ရေးနေလို့ဖြစ်မယ် ထင်တယ် ၊ ဆရာ့ကိုအိမ်မှာ ထမင်းစားဖိတ်ပြီး ကဗျာချစ်သူများနဲ့တညလုံး ကဗျာတွေရွတ်ဖြစ်ခဲ့တယ် ၊ ဆရာရဲ့ လက်ရေးမူရင်းနဲ့ ရေးထားတဲ့ ဗလာစာအုပ်ထဲက မမောမပမ်း ဆရာကဗျာရွတ်တာ မှတ်မှတ်ရရ ကဗျာအပုဒ်ရေ ( ၂၀ ) ကျော်မယ် ထင်တယ် ၊ နောက်တနေ့မနက်ကျတော့ ကျနော် ဆရာ့ကို Art Gallery ( Ottawa, Canada ) ကိုလိုက်ပို့ပြီး ဗန်ဂိုး၊ ပီကာဆို ပန်းချီကားတွေလိုက်ပြတော့ ဆရာကပြောတယ် မြန်မာပြည်ကသူ့သူငယ်ချင်းအနုပညာသမားတွေများပန်းချီကားတွေ ကြည့်ခွင့်ရရင် ဘယ်လောက်ဝမ်းသာကြမလဲဆိုပြီး ဆရာဟာ အနုပညာရဲဘော်တွေကို အမြဲသတိရနေတတ်တဲ့ လူမျိုးပါ ၊ ဆရာကဗျာရွတ်စဉ် ကျနော်ကိုလဲ ကျနော်ကဗျာတွေအတူရွတ်ဖတ်ခိုင်းတယ် ၊ဆရာဟာ မျိုးဆက်သစ်တွေကို အမြဲစေတနာအပြည့်နဲ့ပြူစုပျိုးထောင် လမ်းမှန်ပြခဲ့တဲ့သူပါ ။ ဆရာ့ကို လွမ်းရင် အတူတူကဗျာရွတ်စဉ် ရိုက်ထားတဲ့ အမှတ်တရ ဗွီဒီယိုကို ပြန်ကြည့်ဖြစ်တယ် ၊အဲဒီတုန်းကတော့ ဆရာနဲ့နောက်ပြန်ဆုံဦးမယ် ထင်ခဲ့ပေမဲ့..........
လောကမှာ လူသားအားလုံးဟာ တခဏ ဧည့်သည်တွေပါ ၊ လောကကို အလည်ရောက်ခိုက် ယုံကြည်ရာကို မမှိတ်မသုန်လုပ်ကြဖို့တော့လိုပါတယ် ၊ ကိုယ့်သမိုင်းကိုယ်ရေး ၊ ကိုယ့်လမ်းကိုယ်ရွေးချိန်မှာ လမ်းမှန်လမ်းမှားကို အသိတရားနဲ့ စဉ်းစားဆင်ခြင်ဖို့တော့လိုအပ်ပေသည် ။
ခံစားချက်တွေကို ခံယူခက်အဖြစ်ပြောင်းလဲလိုက်ပြီး ဘ၀မှာ အမှန်တရားကို ရှာဖွေမယ်လို့ ရဲရဲတွေးမိသည် ။
စစ်စနစ်ရဲ့တရားခံကိုလည်းကွက်ကွက်ကွင်းကွင်းမြင်ပြီး စစ်အာဏာရှင်စနစ်အဆုံးသတ်မှု တိုက်ပွဲကို အရှိန်အဟုန်မြှင့်ရန် ၊ ၂၀၁၀ ရွေးကောက်ပွဲအတုကို ဆန့်ကျင်ရန် သူရဲကောင်း ၀ိဥာဉ်တွေကို တိုင်တည်ရင်း မိမိကိုယ်မိမိ ဆုံးဖြတ်ချက်ချလိုက်မိသည် ။
လူ့ဘ၀သက်တမ်းတိုတိုလေးတွင် လူမိုက်တွေ ကံကောင်းပြီး လူလိမ္မာတွေ ကံဆိုးမိုးမှောင်ကျနေတဲ့ခေတ်ကြီးမြန်မြန်ကုန်ဆုံးပါစေဟု ဆုတောင်းနေမိသည် ။
ယုံကြည်ချက် ကောင်းကင်ပေါ်က
ထာဝရ အလင်းကြယ် တစ်ပွင့်
ဘယ်ဆီရွက်လွှင့် နေပြီလဲ
မင်းနာမည် နီရဲရဲ
အမိမြန်မာပြည်အသည်းမှာ ကမ္မည်းထိုးခဲ့ပြီ ။
အောင်ခိုင်မြင့်
( ကွယ်လွန်ခဲ့တဲ့ ဆရာသမားများ၊ ရဲဘော်ရဲဖက်များ ၊သူငယ်ချင်းအပေါင်းအသင်းများ အတွက် အထူးဝမ်းနည်းကြေကွဲ ခြင်း)
ပြန်ခေါက်ထားရန်
No comments:
Post a Comment
လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်